COVID ကလာမှာ အလှူတစ်ခုအနေနဲ့ ဆောင်ရွက်ခဲ့ကြတာပါ။
Ei Ei Htun

ဒီကနေ့ဇွန်လ(၁၉)ရက်နေ့မှာကျရောက်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၅)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ YBS (၇၅)ယာဉ်လိုင်းကားတွေကို တစ်စီး (၁)သိန်းကျပ်နဲ့ဌားရမ်းပြီး အခမဲ့ပြေးဆွဲပေးခဲ့ပါတယ်။

ဒီအစီအစဉ်ကို ရန်ကုန်မြို့တော် ရေရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်းအဖွဲ့နဲ့ တခြားသောအလှူရှင်အဖွဲ့တွေက ဦးဆောင်ပြီးလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“ ကျွန်တော်တို့နိုင်ငံခေါင်းဆောင်ရဲ့ (၇၅)နှစ်ပြည့်မွေးနေ့မို့လို့ (၇၅)ယာဉ်လိုင်းကိုရွေးပြီးလုပ်တာပါ။ COVID ကာလမှာ မွေးနေ့အလှူအနေနဲ့လုပ်ရင်လည်း လူစုလူဝေးတွေဖြစ်မှာလည်းစိုးတယ်။ YBS ယာဉ်ဆိုတာလည်း ပြည်သူတွေနေ့စဉ်စီးနေကျတာဆိုတော့ ဒီလိုလုပ်လိုက်တာကလည်း အလှူတစ်ခုလုပ်သလိုပါပဲ”လို့ ရန်ကုန်မြို့တော် ရေရှိရေးနှင့်ရေပေးဝေရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ ဦးစိန်အုန်းက Duwun ကိုပြောပါတယ်။

ဒီကနေ့မှာကျရောက်တဲ့ အတိုင်ပင်ခံရဲ့ မွေးနေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မြို့နေရာအချို့မှာ ပြည်သူ ၇၅၀၀ ရဲ့တစ်ဦးချင်းဓာတ်ပုံတွေနဲ့ ဖန်တီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရုပ်ပုံ ဘေလ်ဘုတ်တွေကို ချိတ်ဆွဲထားတာကိုတွေ့ရပါတယ်။

ယခင်နှစ်တွေကဆိုရင် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မွေးနေ့အတွက် သက်ဆိုင်ရာမြို့နယ်တွေအလိုက် မွေးနေ့ပွဲကျင်းပပေးခြင်းနဲ့ အလှူအတန်းလုပ်ခြင်းတို့ကို နှစ်စဉ်လုပ်ဆောင်ပေးခဲ့ကြတာပါ။ ဒီနှစ်မှာတော့ COVID ကာလနဲ့လည်း တိုက်ဆိုင်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ယခင်နှစ်တွေကနဲ့ မတူတဲ့ပုံစံတွေ လူစုလူဝေးမရှိလှတဲ့ အလှူအတန်းမျိုးတွေကို လုပ်ဆောင်နေကြတာကို မြင်တွေ့ရပါတယ်။






ဆက်စပ်အကြောင်းအရာများ


က္က