လမ်းညွှန်မှုတွေအတိုင်းလိုက်နာနေတယ်လို့ဆိုပါတယ်။
Ei Ei Htun

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီး မဆုံးရှုံးရအောင်နဲ့ ပြည်ထောင်စုကြီးကို ပိုမိုကောင်းမွန်အောင် တည်ဆောက်သွားဖို့ ကိစ္စတွေတိုင်း တိုင်းဒေသကြီးပြည်နယ်ဝန်ကြီးတွေကို အမြဲမှာကြားလေ့ရှိတယ်လို့သိရပါတယ်။  

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုလမ်းညွှန်ချက်တွေဟာ နောင်လာနောင်သားတွေအတွက်ရည်မှန်းချက်တွေအများကြီးပါလို့ တစ်ခါပြောတာနဲ့တင်လိုက်နာဆောင်ရွက်တယ်လို့ ကယားပြည်နယ် ဝန်ကြီးချုပ်က "သွေးချင်းတို့ရဲ့ပွဲတော်ဆီ" မိတ်ဆက်ပွဲအခမ်းအနားမှာပြောကြားခဲ့ပါတယ်။

“ ကျွန်တော်တို့ တိုင်းဒေသကြီးပြည်နယ် ဝန်ကြီးချုပ်တွေက အတိုင်ပင်ခံရဲ့ မူဝါဒတွေနဲ့ သူလမ်းညွှန်မှုတွေအတိုင်း လိုက်နာဆောင်ရွက်တယ်။ သူ့ရဲ့ပြောဆိုချက်ထဲမှာ တိုင်းရင်းသားတွေအတွက်အပြင် နိုင်ငံအတွက်ပါ အမြင်ကျယ်ကျယ်နဲ့ ပြောတဲ့စကားတွေဖြစ်လို့ ကျွန်တော်တို့တွေလိုက်နာပါတယ်” လို့ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက မီဒီယာတွေကိုပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေရရှိအောင်၊ မတူကွဲပြားမှုတွေကြားထဲကနေ တူညီတဲ့ ကိစ္စအကြောင်းအရာတွေကို စုစည်းပြီး ပိုပြီးကောင်းမွန်တဲ့အရွေ့တစ်ခုကို သွားနိုင်ဖို့ အမြဲတမ်းလမ်းညွှန်မှာကြားတယ်လို့ ဦးအယ်လ်ဖောင်းရှိုကပြောပါတယ်။ ကယားပြည်နယ်အတွင်းမှာဆိုရင်လည်း ခရီးသွားဝင်ရောက်မှုက ယခင်နှစ်တွေကထက်ပိုပြီး များပြားလာတယ်လို့သိရပါတယ်။ ခရီးသွားဝင်ရောက်လာမှုတွေများလာသလို ကယားလူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေကိုလည်း မပျောက်ပျက်အောင် ပြသခွင့်ရတဲ့ ရိုးရာယဉ်ကျေးမှုတွေ ကို ပြသနိုင်အောင် ဆောင်ရွက်လျှက်ရှိတယ်လို့သိရပါတယ်။တိုင်းရင်းသားလူမျိုးအားလုံးစုစည်းကျင်းပဆောင်ရွက်မယ့် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ကို ဒုတိယအကြိမ်အဖြစ် ၂၀၂၀ခုနှစ်ဖေဖော်ဝါရီ (၁)ရက်နေ့မှ (၇)ရက်နေ့ထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းမှာ ကျင်းပပြုလုပ်သွားမှာပါ။ ဒီပွဲမှာဆိုရင်တော့ တိုင်းရင်းသားအားလုံးရဲ့ ရိုးရာယဉ်ကျေးမှုအကအလှများ၊ ရိုးရာဝတ်စုံတွေနဲ့ ရိုးရာအစားအစာများကို အပြည့်အဝခံစားခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်မှာဖြစ်တဲ့ “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်ကို ဒီနှစ်မှာတော့ ကယားပြည်နယ်အစိုးရအဖွဲ့ကဦးစီးဆောင်ရွက်မှာလည်းဖြစ်ပါတယ်။ 


က္က