ညောင်ရွှေ နဲ့ တောင်ကြီးမြို့ အနီးတဝိုက်ရှိ ကျေးရွာများမှ ပြည်သူလူထု ၁၄,၅၀၀ ကျော် ကောင်းမွန်တဲ့ကျန်းမာရေးစောင့်ရှောက်မှု အကျိုးကျေးဇူးများရရှိမှာပါ

အူရီဒူူးမြန်မာကနေပြီး ရှမ်းပြည်နယ်မှာ ဆောက်လုပ်ပြီးစီးသွားတဲ့ ၁၆ခုနဲ့၁၇ခုမြောက် ကျေးလက်ကျန်းမာရေးဌာနခွဲများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို သာလေးကျေးလက်ကျန်းမာရေးဌာနခွဲ၌ ၂၀၁၉ခုနှစ်၊ မေလ ၂၁ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။



အဲဒီလွှဲပြောင်းပွဲအခမ်းအနားကို ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ ထွန်းလှိုင်၊ ရှမ်းပြည်နယ် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၏ ဇနီး နဲ့ ရှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွ့ဲ နာယကဖြစ်သူ ဒေါ်နန်းရွှေမြင့်၊ ကုသရေး နှင့် ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ရှမ်း ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့်မှ ဌာနဆိုင်ရာအရာရှိကြီးများ၊ UNOPS မှ တာဝန်ရှိသူများ၊ အူရီဒူးမြန်မာရဲ့ Chief Commercial Officer ဖြစ်သူ Mr. Alok Verma နှင့် အူရီဒူးမြန်မာ အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့တို့ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း နှင့် ရှမ်းပြည်နယ် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ ထွန်းလှိုင်တို့မှ အမှာစကားပြောကြားပြီး နိုင်ငံတကာအဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်သော  လိုအပ်သည့် အထောက်အပံ့ပစ္စည်းများ၊ အဆောက်အအုံများ နှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဖွံ့ဖြိုးတိုးတက်စေရန် အူရီဒူးမြန်မာမှ ပံ့ပိုးကူညီပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။

ကျေးလက်ကျန်းမာရေးဌာနခွဲနှစ်ခုထဲမှ သာလေးကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲဟာ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်တွင်း အထင်ကရနေရာတွင် တည်ရှိပြီး နောက်ထပ်တစ်ခုကတော့ တောင်ကြီးမြို့နယ်ရှိ တောင်လေးလုံး ကျေးရွာမှာ တည်ရှိပါတယ်။

အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲများဟာ ၎င်းတို့တည်ရှိရာ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်နိုင်မှာဖြစ်ပါတယ်။ အူရီဒူးမှ ကူညီပံ့ပိုးပေးရခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်များ အသက်ဆုံးရှုံးမှုနှုန်းနှင့် အိပ်ချ်အိုင်ဗီ၊ တီဘီ၊ ငှက်ဖျားစသော ကူးစက်လွယ်ရောဂါများ ပျံ့နှံ့မှုနှုန်း လျော့ကျရေးအတွက် ကူညီပေးရန်ဆိုတဲ့ အဓိကရည်ရွယ်ချက်နဲ့ အူရီဒူးက အဆိုပါ ကျေးလက်ကျန်းမာရေးဌာနခွဲများဖြစ်ပေါ်လာစေရေးအတွက် ကူညီပံ့ပိုးခဲ့တာလို့သိရပါတယ်။

ကျေးလက်ကျန်းမာရေးဌာနခွဲတိုင်းမှာ လူနာစမ်းသပ်ခန်းများ၊ သားဖွားခန်းများ၊ ဆေးသိုလှောင်ခန်းများ၊ ပရိဘောဂပစ္စည်းများ၊ ရေနှင့် ရေဆိုးနုတ်ပယ်ရေး စနစ်များ၊ နေရောင်ခြည်သုံးလျှပ်စစ်စွမ်းအင် နှင့် အကြီးတန်း နှင့် အငယ်တန်းဝန်ထမ်းများအတွက် သီးသန့် အိမ်ခန်းများပါ ပါဝင်တာကိုတွေ့ရပါတယ်။

ယင်းအခမ်းအနားမှာ အူရီဒူးမြန်မာနှင့် UNOPS တို့ ပူးပေါင်းဆောင်ရွက်မှု အမှတ်တရအနေနဲ့ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးကို ရှေးရှုပြီး အာဆီယံ သပြေပင်ကို စိုက်ပျိုးပေးခဲ့ကြပါသေးတယ်။ 

Share

Loading Next Article...
က္က