Recycle Myanmar ဆိုတဲ့ အက်ပလီကေးရှင်းတစ်ဆင့် အသုံးပြုနိုင်မှာပါ။
Mi Thawdar Aung

အရင်တုန်းကလို စွန့်ပစ်ပစ္စည်းဝယ်တဲ့လူတွေက လမ်းပေါ်လျှောက်သွားပြီး ပစ္စည်းတွေလိုက်ဝယ်နေဖို့ မလိုဘဲ ဖုန်းခေါ်ဆိုမှု ကတစ်ဆင့်သွားလို့ရပါတယ်။ ရောင်းမယ့်သူတွေကလည်း ပစ္စည်းအဟောင်းဝယ်တဲ့ နေရာတွေအထိ သွားစရာမလိုဘဲ ကိုယ့်အိမ်မှာပဲ ရောင်းလို့ရတော့မယ် လို့ Recycle Myanmar Application ရေးဆွဲသူ ဦးပုညက ပြောပါတယ်။

Recycle Myanmar Application တည်ထောင်သူ ဦးပုည။

အိမ်တွေမှာ အသုံးမလိုတော့တဲ့ ရေသန့်ဘူးခွံ၊ပုလင်းခွံ၊ သတင်းစာ၊ဂျာနယ်၊စက္ကူ၊ ဘက်ထရီအိုးအပျက်၊ လျှပ်စစ်ပစ္စည်းအဟောင်း၊ ကော်ဗူး၊ကော်ခွက် စတဲ့ (ပြန်ရောင်းလို့ရတဲ့ အမှိုက်) တွေနဲ့  စက်ရုံတွေက ထွက်ရှိတဲ့ ပြန်အသုံးပြုလို့ရတဲ့ စွန့်ပစ်အမှိုက်တွေကို Recycle Myanmar ဆိုတဲ့ အက်ပလီကေးရှင်းကတစ်ဆင့် ဝယ်ယူနိုင်၊ ရောင်းချနိုင်မယ်လို့ သိရပါတယ်။

Recyle Myanmar ဆိုတဲ့ အက်ပလီကေးရှင်း မိတ်ဆက်ပွဲကို စက်တင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ စိမ်းလန်းစိုပြေ ပန်းခြံရှိ Zephyr စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့တာပါ။

အဆိုပါ အက်ပလီကေးရှင်းကို ရောင်းသူနဲ့ ဝယ်သူအတွက်ဆိုပြီး နှစ်မျိုးခွဲခြားထားပြီး ဝယ်ယူဆိုပါက Recycle Myanmar Picke ဆိုတဲ့ အမည်ကို အသုံးပြုရမှာဖြစ်ပြီး ရောင်းသူဆိုပါက Recycle Myanmar ဆိုတဲ့ အက်ပလီကေးရှင်းကို အသုံးပြုရမှာဖြစ်ပါတယ်။

“ အမှိုက်လိုက်ဝယ်တဲ့သူတွေရဲ့ ဖုန်းတွေက မော်ဒယ်အမျိုးအစားနိမ့်တာတွေများတယ်ပေါ့နော်။ GPS စနစ်နဲ့ Play Store ကိုထောက်ပံ့ထားတော့ တစ်ချို့ဖုန်းတွေက Play Store ကို ထောက်ပံ့မပေးဘူး။ ဒါကြောင့် အက်ပလီကေးရှင်းကို အကြိမ်ကြိမ် Update ပြန်လုပ်ရတယ်။နောက်ပြိး ကျွန်တော်တို့ရဲ့ အက်ပလီကေးရှင်းကို အရိုးရှင်းဆုံးနဲ့ အလွယ်ကူဆုံးအသုံးပြုနိုင်အောင် လုပ်ထားပါတယ်။” လို့ Recycle Myanmar တည်ထောင်သူ ဦးပုညက ပြောပါတယ်။

ပစ္စည်းရောင်းချသူတွေက Recycle Myanmar User ဆိုတဲ့ အက်ပလီကေးရှင်းထဲဝင်ကာ စွန့်ပစ်ပစ္စည်းအရွယ်အစားရွေးချယ်တာ၊ တည်နေရာသတ်မှတ်တာ၊ လိပ်စာထည့်သွင်းတာတွေကို ပြုလုပ်ရမှာပါ။

Recycle Myanmar Application အတွက် ဒိန်းမိတ်နိုင်ငံမှ ကူညီထောက်ပံ့ပေး

ပစ္စည်းဝယ်ယူသူတွေကတော့ GPS ကတစ်ဆင့် ရောင်းချသူတွေရှိမယ့်နေရာကို တိုက်ရိုက်သွားဝယ်လို့ရမှာ ဖြစ်ပါတယ်။

စက်ရုံလုပ်ငန်းတွေမှာလည်း စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်ရောင်းချနိုင်ပြီး အခြားစက်ရုံတွေက ထွက်ရှိတဲ့ စွန့့်ပစ်ပစ္စည်းတွေကို ကုန်ကြမ်းအဖြစ် အသုံးပြုလိုပါက Recycle Myanmar အက်ပလီကေးရှင်းတစ်ဆင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ အက်ပလီကေးရှင်းက Andriod အမျိုုးအစားဖုန်းတွေကတစ်ဆင့် Play Store ကတစ်ဆင့် အခမဲ့ဒေါင်းလုပ်ရယူပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

လက်ရှိတော့ ပြည်မြို့နဲ့ မန္တလေးမြို့မှာ Recycle Myanmar အက်ပလီကေးရှင်းကို စတင်အသုံးပြုနေပြီး စွန့်ပစ်ပစ္စည်းဝယ်သူ ၂၀၀ ကျော်နဲ့ ရောင်းသူ ၇၀၀ ကျော်ရှိနေပြီလို့သိရပါတယ်။

ရန်ကုန်မြို့မှာ အသုံးပြုနိုင်ဖို့အတွက် သုတေသနလုပ်တာတွေ သင်တန်းပေးတာတွေ၊ အက်ပလီကေးရှင်းကို သိအောင် မိတ်ဆက်တာတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ အသုံးပြုနိုင်တော့မှာလို့သိရပါတယ်။


က္က