စုစုပေါင်း ဆေးရုံကဝန်ထမ်း (၃၄)ဦးထိ ရောဂါကူးစက်ခံထားတာရပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ စက်တင်ဘာလ(၁၆)ရက်နေ့မနက်ပိုင်းပိုးတွေ့လူနာစာရင်းထုတ်ပြန်ချက်မှာ ဗဟိုစည်ဆေးရုံက ဝန်ထမ်း (၃၁) ဦးနဲ့ ဗဟိုစည်ဟိုတယ်က ဝန်ထမ်း (၁) ဦး ပါဝင်ခဲ့ပါတယ်။

စက်တင်ဘာလ (၁၀)ရက်နေ့က ဗဟိုစည်ဆေးရုံကဝန်ထမ်း(၂)ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီးနောက် ဆေးရုံကဝန်ထမ်းတွေနဲ့ လူနာတွေကို ဆေးရုံအတွင်းမှာပဲထားရှိကာ ဆေးရုံကို lock down လုပ်ခဲ့တာပါ။ Lock down လုပ်ထားစဉ်အတွင်း ဓာတ်ခွဲစစ်ဆေးခဲ့ရမှာတော့ ဆေးရုံဝန်ထမ်း (၃၁)ဦးနဲ့ ဟိုတယ်ဝန်ထမ်း (၁)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။



“ ဆေးရုံက lock down လုပ်ထားတာပေါ့နော်။ ကနဦးဆေးရုံက ဝန်ထမ်း (၃)ဦးမှာ ပိုးတွေ့ကတည်းက တခြားဆေးရုံဝန်ထမ်းတွေအပါအဝင် လူနာတွေကော အယောက် (၂၀၀)ကျော်ကို lock downလုပ်ထားခဲ့တာ။ အခုစစ်တော့ ဝန်ထမ်း (၃၀)ကျော်မှာ ပိုးထပ်တွေ့တယ်ပေါ့နော်။ ဆေးရုံအတွင်းမှာ lock down ချခံထားတဲ့သူတွေရဲ့ ကျန်းမာရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး နေရာအပြောင်းအရွေ့လုပ်မလား ဒီမှာပဲဆက်ထားအုံးမလားဆို ကျန်းမာရေးတာဝန်ရှိသူတွေနဲ့ ဆောင်ရွက်နေတယ်”လို့ လမ်းမတော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းက Duwun ကို ပြောပါတယ်။

ဗဟိုစည်ဆေးရုံက လမ်းမတော်မြို့နယ်မှာတည်ရှိတာ ဖြစ်ပြီး ခုပိုးတွေ့ရှိတဲ့ ဆေးရုံ ဝန်ထမ်း (၃၁)ဦးမှာလည်း လမ်းမတော်မြို့နယ်က (၈)ဦးပါဝင်ခဲ့ပါတယ်။ ကိုဗစ်အတည်ပြုလူနာတွေတွေ့ရှိထားတဲ့ ဗဟိုစည်ဆေးရုံဝန်းအတွင်းရှိ အဆောက်အဦးများနဲ့ လုပ်ငန်းဆောင်ရွက်လျှက်ရှိတဲ့ နေရာအားလုံးကိုတော့ lock downပြုလုပ်ထားတာပါ။

တစ်ရက်တည်း လူနာ အစုလိုက် တစ်နေရာတည်းမှာ (၃၀)ကျော်တွေ့ရှိထားတာကြောင့် ဆေးရုံဝင်းအတွင်း lock downချခံထားရတဲ့သူတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ညှိနှိုင်းမှုတွေလုပ်ဆောင်လျှက်ရှိနေပါတယ်။ ဒီမနက်ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာသစ် (၁၃၄)ဦးတိုးခဲ့တာဖြစ်ပြီး လမ်းမတော်မြို့နယ်က (၉)ဦးပါဝင်ခဲ့ကာ လက်ရှိအချိန်ထိ လမ်းမတော်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ (၄၅)ဦးထိ ရှိနေပါပြီ။.



Share

Loading Next Article...
က္က