သေဆုံးသူ သူနာပြုဆရာမဟာ ဆီးချို ရောဂါအခံရှိသူဖြစ်ပါတယ်။

ဗဟိုစည်ဆေးရုံမှာ သူနာပြုအကူဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်တဲ့ အသက် (၂၃) နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒီကနေ့ စက်တင်ဘာ (၁၈) ရက်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားတဲ့ သူနာပြုဆရာမမှာ ဗဟိုစည်ဆေးရုံမှာ အချိန်ပိုင်းအဖြစ် လာရောက်လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ပြင်ပမှာနေထိုင်သူတစ်ဦးဖြစ်ကာ ဗဟိုစည်ဆေးရုံ လော့ဒေါင်းချခဲ့တဲ့ကာလမှာတော့ ဆေးရုံမှာမရှိခဲ့ဘူးလို့လည်း လမ်းမတော်မြို့နယ်၊ ဆယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင့်ဝေက Duwun ကိုပြောပါတယ်။



အဆိုပါ သူနာပြုဆရာမဟာ ဖျားနာလို့ စက်တင်ဘာ (၁၃) ရက်နေ့က ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသနေစဉ် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ သေဆုံးသွားသူမှာ ဆီးချိုရောဂါအခံရှိပြီး ဆေးကုသမှုခံယူစဉ်အတွင်း ဆီးချိုတက်ကာ သတိလစ်မေ့မြောပြီး သေဆုံးသွားခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

“သူက ဆီးချို ရောဂါအခံရှိတယ်လို့ ပြောတယ်။ ရောဂါအခံရှိတော့ မောပြီး တက်သွားတာ။ ဇာတိကတော့ ပန်းတနော်က ။ ဗဟိုစည်ဆေးရုံမှာ အချိန်ပိုင်းဝန်ထမ်းလုပ်တာပေါ့။ နေတာကတော့ ဆေးရုံဝင်းထဲမဟုတ်ဘူး ။ ပြင်ပမှာနေတာ။ ဘယ်မှာနေလဲဆိုတာကိုတော့ စုံစမ်းနေတုန်းပါပဲ” လို့ ဦးတင့်ဝေ က Duwun ကို ပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်တဲ့စာရင်းမှာတော့ အခုသေဆုံးသွားတဲ့လူနာနဲ့ပတ်သက်တဲ့အချက်အလက် ပါဝင်ခြင်းမရှိသေးဘဲ လူနာအမှတ်ဘယ်လောက်ဆိုတာကိုလည်း မသိရသေးပါဘူး။ 

လက်ရှိ လော့ဒေါင်းချထားတဲ့ ဗဟိုစည်ဆေးရုံမှာတော့ လူဦးရေ ၂၀၀ ကျော်လောက်ရှိုတဲ့အနက် ကိုဗစ်-၁၉ ပိုးတွေ့ထားသူ ၃၁ ဦးရှိခဲ့ပြီး ဒီကနေ့ စက်တင်ဘာ ၁၈ ရက်မှာလည်း နောက်ထပ် ၁၉ ဦးတွေ့ရှိထားတာကြောင့် စုစုပေါင်း ပိုးတွေ့လူနာ (၅၀) ဦးအထိ ရှိလာခဲ့ပြီလို့လည်း လမ်းမတော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းက Duwun ကိုပြောပါတယ်။ နောက်ထပ် ဗဟိုစည်ဆေးရုံအတွင်းက လူနာ (၁၀၀) ကျော်ကိုဓာတ်ခွဲနမူနာရယူစစ်ဆေးသွားဖို့ ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။ 

Share

Loading Next Article...
က္က