လက်ရှိမှာတော့ ဆေးရုံကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးမှုတွေပြုလုပ်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ကိုဗစ်၁၉ ရောဂါပိုးတွေ့ရှိသူ အယောက်(၁၀၀)ကျော်ခဲ့တဲ့ ဗဟိုရ်စည်ဆေးရုံက ရောဂါပိုးစစ်ဆေးမှုရဲ့ သုံးပုံတစ်ပုံခန့် ပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဆေးရုံတည်ရှိရာမြို့နယ်ဖြစ်တဲ့ လမ်းမတော်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကိုကိုက Duwun ကိုပြောပါတယ် ။

ဒီလိုကိန်းဂဏန်းအရေအတွက်အထိ တွေ့ရှိခဲ့တာက ဆေးရုံနဲ့ဆက်စပ်ပြီး အတည်ပြုလူနာတွေ့ရှိခဲ့တဲ့အတွက် ထိစပ်သူတွေကို ကွာရန်တင်းထားရှိပြီး စစ်ဆေးခဲ့တာကြောင့်ဖြစ်တယ်လို့လည်း သိရပါတယ် ။



ဓာတ်ပုံ-ဝင်းလွင်(စက်တင်ဘာလ ၁၀ရက်က ဗဟိုရ်စည်ဆေးရုံကို အသွားအလာကန့်သတ်မှုစတင်ပြုလုပ်စဉ်)

" အယောက်၁၀၀ဖြစ်တာကတော့ ကွာရန်တင်းလုပ်ပြီး စစ်ချလိုက်တာကိုး ။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကတော့ ရောဂါပိုးကူးစက်တယ်ဆိုရင်တော့ သူတို့နဲ့ထိစပ်သူတွေကို ရှာဖွေပြီး ပိုးရှိမရှိ စစ်ဆေးပြီး ကုသမှုပေးတာပေါ့နော် ။ ကျွန်တော် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးအနေနဲ့ အဲဒီတာဝန်ကို လုပ်ခဲ့ပါတယ် ။ အဲဒီလိုလုပ်ခြင်းအားဖြင့် ကျန်တဲ့သူတွေကို ထပ်မကူးစက်နိုင်အောင် ပြည်သူလူထုအကြား ကိုဗစ်၁၉ ရောဂါ ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ဖို့ အဓိက ကြိုးစားခဲ့တယ် ။ စစ်ပါတယ် ။ သုံးပုံတစ်ပုံတွေ့တယ်ပေါ့ဗျာ ။ အဲဒါ မြှောက်ကြည့်လိုက်ပေါ့။ အဲဒီဝန်းကျင်ပေါ့ ။ အတိအကျတော့ မပြောတော့ပါဘူး " လို့ လမ်းမတော်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကိုကိုက Duwun ကိုပြောပါတယ် ။

ကိုဗစ်၁၉ ရောဂါပိုး ၁၀၀ ကျော်တွေ့ရှိခဲ့တဲ့ ဗဟိုရ်စည်ဆေးရုံကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးနေတယ်လို့လည်း တာဝန်ရှိသူတွေထံက သိရပါတယ် ။ လက်ရှိမှာတော့ စစ်ဆေးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေဆဲဖြစ်ပြီး အပြီးသတ်စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ရက်အနည်းငယ်ကြာမြင့်ဦးမယ်လို့ တာဝန်ရှိသူရဲ့ ပြောကြားချက်အရ သိရပါတယ်။

"စစ်တာ မပြီးသေးဘူး ၂ရက် ၃ရက်လောက်ကြာဦးမှာ ။ တွေ့ရှိချက်တွေ ပြန်ရေးရဦးမယ် ။ အဓိကကတော့ ကိုဗစ်ဖြစ်တဲ့အခြေအနေနဲ့ရောဂါပိုးကူးစက်ပုံ guide line ပေါ့ ။ ဆေးရုံမှာ ပိုးသတ်တာတွေ ဘာတွေ လုပ်ထားတာ မထားတာ အဲဒါတွေစစ်ဆေးကြည့်တာပါ " လို့ စစ်ဆေးရေးအဖွဲ့ရဲ့ ဥက္ကဌဖြစ်တဲ့ လမ်းမတော်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ကိုကိုက Duwun ကိုပြောပါတယ် ။

ဓာတ်ပုံ-ဝင်းလွင်(စက်တင်ဘာလ ၁၀ရက်က ဗဟိုရ်စည်ဆေးရုံကို အသွားအလာကန့်သတ်မှုစတင်ပြုလုပ်စဉ်)

လမ်းမတော်မြို့နယ်မှာရှိတဲ့ ဗဟိုရ်စည်ဆေးရုံနဲ့ဆက်စပ်ပြီး အတည်ပြုလူနာ သုံးဦးကို စက်တင်ဘာလ ၁၀ရက်က စတင်တွေ့ရှိခဲ့ပြီးတဲ့နောက်မှာတော့ ဆေးရုံကို အသွားအလာကန့်သတ်ကာ Lock Down ပြုလုပ်ပြီး ထိစပ်သူတွေကို ဆက်တိုက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဗဟိုရ်စည်ဆေးရုံကနေ စစ်ဆေးတွေ့ရှိခဲ့တဲ့ ကိုဗစ်၁၉အတည်ပြုလူနာတွေထဲက အသက်၂၃နှစ်အရွယ် သူနာပြုအကူဝန်ထမ်းအမျိုးသမီးက စက်တင်ဘာလ ၁၈ရက်နေ့က သေဆုံးသွားခဲ့ပါတယ် ။

Share

Loading Next Article...
က္က