ထိ‌တွေ့သူတွေကို ဆေးရုံမှာကွာရန်တင်းထားဆက်လက်စောင့်ကြည့်မှာဖြစ်ပါတယ်။

ဗဟန်းမြို့နယ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ် ခြံအမှတ် (၅၄) အတွင်း နေထိုင်သူတစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က Duwun ကို အတည်ပြုပြောပါတယ်။

ပိုးတွေ့လူနာသစ်မှာ အသက် ၅၀ ဝန်းကျင်အရွယ်အမျိုးသားဖြစ်ပြီး ခြံအမှတ် ၅၄ အတွင်း စီမံအုပ်ချုပ်မှု တာဝန်ယူထားသူတစ်ဦးဖြစ်တယ်လို့လည်း ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။



“ ခြံအမှတ် ၅၄ မှာ စီမံအုပ်ချုပ်ဖို့ အတွက် တာဝန်ပေးထားတဲ့သူပါ။ ပိုးဘယ်လိုကူးစက်ခံရတဲ့အကြောင်း အတည်ပြုလို့မရသေးဘူး။ သူ့ကိုတော့ ဖောင်ကြီးဆေးရုံမှာကုသဖို့အတွက် ပို့ဆောင်လိုက်ပြီ။ သူနဲ့ထိတွေ့ခဲ့တဲ့ ပုဂ္ဂိုလ်တွေကိုတော့ဆေးရုံကွာရန်တင်းထားတယ်လို့သိရပါတယ်” လို့ ဒေါက်တာမျိုးညွန့်က Duwun ကို ပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ စက်တင်ဘာ ၆ ရက် မနက် ၈ နာရီထုတ်ပြန်ချက်အရ ဗဟန်းမြို့နယ်မှာနေထိုင်သူ နှစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိတဲ့အနက် နှစ်ဦးစလုံးမှာ ဗဟန်းမြို့နယ်၊ ခြံအမှတ် (၅၄) လိပ်စာပေးထားတဲ့ အမျိုးသားနှစ်ဦးလို့ သတင်းတွေထွက်ပေါ်နေပေမယ့် လောလောဆယ်မှာတော့ တစ်ဦးမှာသာ ပိုးတွေ့တယ်လို့သိရကြောင်း ဒေါက်တာမျိုးညွှန့်ကဆိုပါတယ်။

ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ၂၀၁၈ ခုနှစ်အတွင်းရိုက်ကူးထားစဉ်

အဆိုပါ ခြံအမှတ်၅၄ လိပ်စာ ပေးထားသူ နှစ်ဦးအနက် တစ်ဦးမှာတော့ ဘယ်သူဘယ်ဝါမှန်းအတိအကျမသိရသေးဘူးလို့လည်း ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ဆိုပါတယ်။ 

“ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ခြံအမှတ် ၅၄ ကလို့တော့ ကြားပါတယ်။ တစ်ခြားမြို့နယ်မှာ နေထုခိင်ပြီး ဒီခြံမှာ တစ်လမှ ၄ ရက်လောက်၊ တစ်ပတ်မှ တစ်ကြိမ်၊နှစ်ကြိမ် အလုပ်ရှိလို့ ဝင်ထွက်သွားလာလို့ ဗဟန်းလိပ်စာပေးထားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ဆိုပါတယ်။ 

လက်ရှိ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းကျန်းမာရေးဦးစီးဌာနက အဓိက စီမံကွပ်ကဲနေတယ်လို့လည်း ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးဦးစီးမှူး ဒေါက်တာနီနီသော်က ဆိုပါတယ်။

 “ ခြံအမှတ် ၅၄ က ဆိုတာဟုတ်ပါတယ်။ ဒါကို တိုင်းကျန်းမာရေးဦးစီးမှူးကိုယ်တိုင်ပဲ စီမံကွပ်ကဲနေပါတယ်။ အစ်မတို့ဆီကိုတော့ ဘာမှ မညွန်ကြားသေးပါဘူး။ “ လို့ ဒေါက်တာနီနီသော်က Duwun ကို ပြောပါတယ်။

ဝန်ကြီးဌာနရဲ့ ဒီနေ့ မနက် ထုတ်ပြန်ချက်ထဲမှာ ပိုးတွေ့လူနာ ၆၆ ဦးတွေ့ရှိရတယ်လို့ ဖော်ပြထားရာမှာ ဗဟန်းမြို့နယ်မှာ နေထိုင်သူ နှစ်ဦးပါဝင်နေပြီး လူနာတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အခုချိန်ထိ ထုတ်ပြန်ထားခြင်းမရှိသေးတာလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က