‌သူနေထိုင်တဲ့ဘုန်းကြီးကျောင်းမှာ အသွားအလာကန့်သတ်ထားတာပါ။

ဗဟန်းမြို့နယ်က ပိုးတွေ့ခဲ့တဲ့ လူနာနှစ်ဦးအနက် တစ်ဦးမှာ နေအိမ်မှာ ကွာရန်တင်းနေပြီး ဓာတ်ခွဲနမူနာစစ်ဆေးနေစဉ်ကာလအတွင်း စစ်တွေမြို့ကို လေယာဉ်နဲ့ ပြန်သွားခဲ့တယ်လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က Duwun ကိုပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၃ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်က ပြန်လာပြီး ဗဟန်းမြို့နယ်မှာ အသွားအလာကန့်သတ်ထားသူ လူနာအမှတ် ၁၀၇၆ နဲ့ ၁၀၇၇ တို့ နှစ်ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။



အဆိုပါ လူနာ နှစ်ဦးမှာ သံဃာတစ်ပါးနဲ့ အမျိုးသားတစ်ဦးတို့ ဖြစ်ကြပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၇ ရက်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကနေ ရန်ကုန်ကို ပြန်လာခဲ့ပြီး ဗဟန်းမြို့နယ်၊ရေတာရှည်လမ်းဟောင်းက မင်္ဂလာကံယုံဘုန်းကြီးကျောင်းမှာ နေအိမ်ကွာရန်တင်းနေထိုင်ရင်း ဓာတ်ခွဲနမူနာစစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ပိုးတွေ့လူနာ အမျိုးသားဟာ ဓာတ်ခွဲနမူနာ အဖြေစောင့်ဆိုင်းရင်း စက်တင်ဘာ ၃ ရက် နေ့လယ် ၃ နာရီမှာ စစ်တွေမြို့ကို ရန်ကုန်လေဆိပ်ကတစ်ဆင့် လေယာဉ်နဲ့ ပြန်သွားခဲ့တယ်လို့ ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ဆိုပါတယ်။

“ ကျွန်တော်တို့ ဗဟန်းမြို့နယ်မှာက ကွာရန်တင်းစင်တာမရှိတော့ ပြည်ပကပြန်လာသူတွေပဲဖြစ်ဖြစ်၊ ရခိုင်ပြည်နယ်က ပြန်လာသူတွေပဲ ဖြစ်ဖြစ် နေအိမ်တွေမှာပဲ ကွာရန်တင်းထားထားပါ။ အခု လူနာ နှစ်ယောက်ကလည်း ရခိုင်ပြည်နယ်က ပြန်လာတော့ သူတို့ နေတဲ့ ဘုန်းကြီးကျောင်းမှာ ကွာရန်တင်းထားရင်း Swab ယူလိုက်တာပေါ့။ အဲဒီမှာ ပိုးတွေ့တယ်လို့ ကြေညာတဲ့အခါမှာ သူတို့ နှစ်ဦးနေတဲ့ဘုန်းကြီးကျောင်းကို သွားတဲ့အခါမှာ လူနာအမျိုးသားက နေ့လယ် ၃ နာရီမှာ စစ်တွေကို ပြန်သွားပြီလို့ သိရပါတယ်။ Swab လည်းယူထားပြီး Home Quarantine နေရမယ့်သူက ဒီလိုလုပ်လိုက်တော့ တော်တော်လေးကို စိုးရိမ်ပူပန်ရတယ်။ သူက ဥပဒေကို ချိုးဖောက်တာပဲ။" လို့ ဦးထွန်းမြင့်က ပြောပါတယ်။

လက်ရှိ လူနာဟာ စစ်တွေမြို့ကို ရောက်ရှိနေပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ ကျန်းမာရေးအဖွဲ့တွေကို သတင်းပို့ပြီး ဆက်လက်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

“ ကျွန်တော်က လူနာကို ဖုန်းဆက်ထားတယ်။ သူက အခု စစ်တွေအိမ်ကို ရောက်နေပြီ။ ဘယ်မှ မသွားပါနဲ့။ အိမ်မှာပဲနေပါ။ စစ်တွေဘက်က ကျန်းမာရေးအဖွဲ့တွေက လာခေါ်ရင် လိုက်သွားပါလို့ ပြောထားတယ်။ နေအိမ်မှာ ၁၄ ရက် အပြင်မထွက်ပါနဲ့လို့ ပြောထားတဲ့ကြားက သူအခု ဒီလိုလုပ်လိုက်တော့သူနဲ့ ဆက်စပ်ထိတွေ့တဲ့သူတွေ ပိုများသွားနိုင်တာပေါ့”လို့ လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းမြင့်က ပြောပါတယ်။

လက်ရှိတော့ ဗဟန်းမြို့နယ်၊ရေတာရှည်လမ်းဟောင်းက မင်္ဂလာကံယုံဘုန်းကြီးကျောင်းကို Lock Down ပြုလုပ်ထားပြီး ဘုန်းကြီးကျောင်းအတွင်း သံဃာတွေနဲ့ လူအယောက် ၃၀ ခန့်ကိုလည်း အသွားအလာကန့်သတ်လိုက်ပြီလို့လည်း ဆိုပါတယ်။

လက်ရှိ ဗဟန်းမြို့နယ်မှာ နေအိမ်တွေမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ ၂၀၀ ကျော်ရှိနေပြီး နေအိမ်တွေကို စောင့်ကြည့်ဖို့ လူအင်အားမရှိတဲ့အခက်အခဲတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့် ဗဟန်းမြို့နယ်မှာ Facility Quarantine နေရာတစ်ခုဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။

Share

Loading Next Article...
က္က