သမိုင်းတွင်စေမယ့် ဇာတ်ကားဖြစ်ဖို့သာ အဓိကကျပြီး လိုအပ်တဲ့ငွေကြေးကိစ္စကို တာဝန်ယူပါတယ်လို့ သူရဦးအောင်ကိုက ပြောကြားခဲ့ပါတယ်။
Ei Ei Htun

သမိုင်းတွင်စေမယ့် ဇာတ်ကားဖြစ်ဖို့သာ အဓိကကျပြီး လိုအပ်တဲ့ငွေကြေးကိစ္စကို တာဝန်ယူပါတယ်လို့ သူရဦးအောင်ကိုက ပြောကြားခဲ့ပါတယ်။

စက်တင်ဘာလကုန်မှာ စတင်ရိုက်ကူးမယ့် ဗိုလ်ချုပ်ရုပ်ရှင်ကို ပြီးမြောက်တဲ့အထိ ငွေကြေးအတွက်မပူဘဲ ရုပ်ရှင်အောင်မြင်ပြီးမြောက်ပြီး သမိုင်းမှတ်တမ်းတင်ကျန်ခဲ့မယ့် အောင်ဆန်းရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်ဖို့ကိုပဲ ကြိုးပမ်းရိုက်ကူးကြဖို့ သာသနာရေးနှင့်ယဉ်ကျေးမဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက စက်တင်ဘာလ ၁၄ ရက်နေ့ကပြုလုပ်တဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး ၁၁ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ မှာကြားခဲ့ပါတယ်။

" ဗိုလ်ချုပ်ရုပ်ရှင်အတွက်အလှူခံရရှိထားတဲ့ငွေက သိန်း ၄၀၀၀ သိန်း၅၀၀၀လောက်ရရှိထားပြီး ဘဏ္ဍာရေးကော်မတီကပဲဘဏ်မှာထားပြီး ထိန်းသိမ်းထားတယ်။ ဗိုလ်ချုပ်ရုပ်ရှင်အတွက်ကိုလည်း ကျွန်တော်တို့က ကုန်သင့်တာကုန်ပါစေ၊ သုံးသင့်တာသုံးပါ၊ မဖြုန်းရင်ပြီးတာပါပဲ။ ရုပ်ရှင်ပြီးမြောက်တဲ့အထိ လိုအပ်တဲ့ငွေကြေးကို ကျွန်တော်တာဝန်ယူပါတယ်။ ငွေကြေးကိစ္စနောက်စံမတင်းဘဲ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ ညှိညှိနှိုင်းနှိုင်းတိုင်တိုင်ပင်ပင်ရိုက်ကူးပြီး သမိုင်းမှတ်တမ်းတင်ကျန်ခဲ့မယ့် အောင်ဆန်းရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်အောင်ပဲ ကြိုးပမ်းစေချင်တယ်" လို့ ပြည်ထောင်စုဝန်ကြီးကမိန့်ခွန့်ပြောရင်းမှာကြားခဲ့တာပါ။

အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်းဆန်းရဲ့အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားကို သားစဉ်မြေးမြစ် ပြောထုံးဖြစ်အောင် အတုယူပြီး အနာဂတ်မှာဗိုလ်ချုပ်လိုလူတွေထွက်ပေါ်လာအောင် ရည်ရွယ်ပြီးရိုက်ကူးတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ကို စက်တင်ဘာလကုန်မှာစတင်ရိုက်ကူးမှာဖြစ်ပြီး အကြမ်းဖျဉ်းအားဖြင့် ၂၀၂၀ ဇန်နဝါရီလကုန်မှာ အပြီးရိုက်ကူးမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ၁၀ကြိမ်မြောက်ကျင်းပပြုလုပ်ခဲ့တဲ့ညှိနှိုင်းအစည်းအဝေးအရ သိရပါတယ်။ ဗိုလ်ချုပ်ရဲ့ ငယ်ဘဝကနေစတင်ရိုက်ကူးသွားမယ့် ဗိုလ်ချုပ်ရုပ်ရှင်မှာ ဇာတ်ဝင်ခန်း ၁၁၆ ခန်းပါဝင်ရိုက်ကူးသွားမှာ ဖြစ်ပြီး သမိုင်းထဲက နေရာတွေကို ရှာဖွေပြီး ရိုက်ကူးသွားမှာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ကုန်ကျစရိတ်ကို သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ရန်ပုံငွေနဲ့ ကျပ်သိန်းပေါင်း တစ်သောင်းခွဲ အကုန်ကျခံ ရိုက်ကူးသွားဖို့လည်း စီစဉ်ထားပါတယ်။


က္က