loading...

loading...

loading...

မတ်လ ပထမပတ်အတွင်း တရားစွဲတော့မှာပါ။
Mi Thawdar Aung

ဗစ်တိုးရီးယားအမှုမှာ တာဝန်မကျေသူတွေကို အရေးယူဖို့ နိုင်ငံတော်သမ္မတက ညွှန်ကြားပြီးတဲ့နောက် ဗစ်တိုးရီးယားရဲ့ နာမည်အရင်းနဲ့ အချက်အလက်ပေါက်ကြားစေခဲ့တဲ့ ရဲအရာရှိတွေကို မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းက တရားစတင်စွဲတော့မှာပါ။

Photo- ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ပွဲပြုလုပ်စဉ်။

အခု မတ်လ ပထမပတ်အတွင်း တရားစွဲတော့မှာဖြစ်ပြီး နာမည်ရင်းထုတ်ပြောခဲ့တဲ့ ရဲအရာရှိတွေကို တရားစွဲမှာဖြစ်တဲ့အပြင် ဗစ်တိုးရီးယား ရဲ့ မူလအမှုဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုမှာ တရားခံရှာဖွေပြီး တရားစွဲနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း မှ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက Duwun ကိုပြောပါတယ်။

“ ကျွန်တော်တို့ အဆင့်သင့်ဖြစ်ပြီ။ အမှုက ၂ ခု ခွဲရမယ်။တစ်ခုကတော့ ဗစ်တိုးရီးယားအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုမှာ တရားခံရှာပြီး ဆောင်ရွက်ဖို့ဖြစ်တယ်။ နောက်တစ်ခုကရဲတွေကို အမှုဖွင့်မယ်။ ဒီတစ်ပတ်ထဲ အမှုဖွင့်ဖို့ ရှိပါတယ်။” လို့ တရားလွှတ်တော်ရှေ့ နေဦးသိန်းသန်းဦးက Duwun ကိုပြောပါတယ်။

ရဲအရာရှိတွေကို တရားစွဲဖို့ အတွက် မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်းက နိုင်ငံတော်သမ္မတထံ ကြိုတင်ခွင့်ပြုမိန့် တောင်းထားပြီး သမ္မတဆီကနေ တိုက်ရိုက်ခွင့်ပြုမိန့်မလာခဲ့ပေမယ့် ဖေဖော်ဝါရီ ၂၁ ရက်က သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားအမှုမှာ လစ်ဟာမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဥပဒေပြဌာန်းချက်တွေနဲ့ မညီတဲ့တာဝန်ရှိသူတွေကို သက်ဆိုင်ရာအဖွဲ့အစည်းက လိုအပ်သလို အရေးယူဖို့ သမ္မတက ညွှန်ကြားထားခဲ့ပါတယ်။

“ သမ္မတက ဒီလူတွေကို တရားစွဲဆိုဖို့ အတွက် သက်ဆိုင်ရာ ဌာနတွေကို ညွှန်ကြားလိုက်ပြီဆိုတော့ ဒါသည်လည်း ကျွန်တော်တို့ကို ခွင့်ပြုတာနဲ့ တူတယ်လို့ မှတ်ယူပြီး ဆက်သွားမှာပေါ့။ မရဘူးဆိုရင်လည်း နောက်တစ်နည်းဆက်သွားရမှာပေါ့” လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက Duwun ကိုဆက်ပြောပါတယ်။

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက အမှုမှန်ပေါ်ပေါက်ဖို့၊ တာဝန်ယူ တာဝန်ခံမှုရှိဖို့၊ ဥပဒေနဲ့ အညီဖြစ်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ထားတာတွေကို အမှန်တရားအတိုင်း ပြန်လည်တင်ပြဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ပြည်ထဲရေးဝန်ကြီးဌာနက၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတွေကို ညွှန်ကြားချက် (၄) ချက် ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့က တင်ပြလာတဲ့အပေါ်သုံးသပ်ပြီး ဒီအမှုမှာ ဥပဒေနဲ့ မညီတဲ့သူတွေကို အရေးယူဖို့ အတွက် ဖေဖော်ဝါရီ ၂၀ ရက်နေ့စွဲနဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ညွှန်ကြားထားခဲ့တာဖြစ်ပါတယ်။


loading...

က္က