ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်လို့တော့သုံးသပ်ထား

နေပြည်တော် Wisdom Hill မူကြိုကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဟာ ကလေးသူငယ်အခွင့်အရေးချိုးဖောက်ထိခိုက်မှုတွေ ရှိနေတယ်လို့သုံးသပ်ရကြောင်း လူ့အခွင့်အရေးကော်မရှင်က ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒါပေမယ့်ဗစ်တိုးရီးယားရဲ့ အချက်အလက်တွေကို ပေါက်ကြားစေခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ကော်မရှင်အနေနဲ့ လက်ရှိမှာ စစ်ဆေးဖို့ မရှိဘူးလို့ ဥက္ကဌ ဦးယုလွင်အောင်က Duwun ကိုပြောပါတယ်။

လူ့အခွင့်အရေးကော်မရှင်ထုတ်ပြန်ချက်

“ ကလေးသူငယ်အခွင့်အရေးထိခိုက်မှုတွေရှိနေပြီ ဆိုတာသိရလို့ ဒီနေ့ညနေပဲ အစည်းအဝေးထိုင်ပြီး ထုတ်ပြန်လိုက်တာပါ။ အများသူငါသိမြင်တဲ့အတိုင်း ကျွန်တော်တို့လည်း မြင်တယ်။ ဒါကြောင့် ကလေးသူငယ်အခွင့်အရေးနဲ့ ပတ်သက်ပြီး ဥပဒေပုဒ်မတွေ၊ နိုင်ငံတကာကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်တွေကိုလိုက်နာဖို့ မေတ္တာရပ်ခံတာပါ။လောလောဆယ်တော့ ရဲတပ်ဖွဲ့ကို အရေးယူပေးဖို့ စစ်ဆေးမှု မရှိပါဘူး”လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးယုလွင်အောင်က Duwun ကိုပြောပါတယ်။

ဗစ်တိုးရီးယား မဖွယ်မရာ ပြုမူခံရခြင်းဖြစ်စဉ်၊ တရားရုံးမှာ ထွက်ဆိုချက်တွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေရဲ့ ထုတ်ဖော်ပြောဆိုမှုတွေ၊ မီဒီယာတွေမှာ ထည့်သွင်းဖော်ပြမှုတွေဟာ ကလေးငယ်ရဲ့ ဂုဏ်သိက္ခာနဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေ၊ လွတ်လပ်ခွင့်တွေ ထိပါးခံရပြီး ကလေးသူငယ်အခွင့်အရေးကိုပါ ထိပါးနေတာဖြစ်တယ်လို့ လူ့အခွင့်အရေးကော်မရှင်က သုံးသပ်ထားပါတယ်။

လူ့အခွင့်အရေးကော်မရှင်ထုတ်ပြန်ချက်

ဒါကြောင့် တာဝန်ရှိသူများ၊ သတင်းမီဒီယာသမားတွေအနေနဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ပြဌာန်းချက်တွေကို လေးစားလိုက်နာကျင့်သုံးဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းထားပါတယ်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် အရ ကလေးသူငယ်ရဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်မှု၊ ဂုဏ်သိက္ခာ စတဲ့ အချက်အလက်တွေကို ဥပဒေနဲ့ မညီတဲ့ နည်းလမ်း ဝင်ရောက်စွက်ဖက်ခြင်းမလုပ်ရ၊ ကလေးသူငယ်ရဲ့ ကိုယ်ရေးကိုယ်တာကို အပြည့်အ၀ လေးစားဖို့ ပြဌာန်းထားတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ အရ ကလေးသူငယ်မှုခင်းသတင်းအချက်အလက်တွေမှာ သတင်းစာ၊ ဂျာနယ် စတာတွေအပြင် လူမှုကွန်ရက်၊ ရုပ်မြင်သံကြားတွေပေါ်မှာ ထုတ်လွှင့်ခြင်းမပြုရ။ ပြစ်မှုကျုးလွန်တဲ့ကလေးငယ် ဒါမှာ မဟုတ် သက်သေအဖြစ်ပါဝင်တဲ့ ကလေးသူငယ် မည်သူမည်ဝါဖြစ်ကြောင်း ကို ရုပ်မြင်သံကြား ၊ လူမှုဆက်ဆံရေးနည်းလမ်းတွေမှာ ထည့်သွင်းထုတ်လွှင့်ခြင်းမပြုရဘူးဆိုပြီး တားမြစ်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ၉၆ (င) အရ ကလေးသူငယ်မှုခင်းကိစ္စတွေကို ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်ထားရှိမယ်လို့ ပြဌာန်းထားကြောင်း ကော်မရှင် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ဗစ်တိုးရီးယားရဲ့ အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခဲ့တဲ့ ရဲအရာရှိတွေကို လူထုက ဝေဖန်ရှုံချမှုတွေပြုလုပ်ခဲ့သလို ကျင့်ဝတ်၊ဥပဒေချိုးဖောက်တဲ့ ရဲအရာရှိတွေကို အရေးယူပေးဖို့ အတွက် ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ လူထုဆန္ဒထုတ်ဖော်ပွဲတွေ ပြုလုပ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။



က္က