ဦးညိုဌေးဟာ စက်တင်ဘာလ(၄)ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။
Ei Ei Htun

ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်လို့ လူမှုကွန်ရက်မှာ ဝေဖန်ခံခဲ့ရတဲ့အကြာင်း သူငယ်ချင်းဖြစ်သူကို ရင်ဖွင့်ခဲ့ပြီးနောက်မှာတော့ ဦးညိုဌေးဟာ သူရဲ့ Facebook အကောင့်ကိုမသုံးတော့ဘဲ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်ခဲ့တယ်လို့ ဦးညိုဌေးရဲ့ သူငယ်ချင်းဖြစ်သူ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ဦးညိုလွင်ဦးက ပြောပါတယ်။

photo - Nyo Lwin Oo

နေပြည်တော်က ဗစ်တိုးရီးယားအမှုကိုတာဝန်ယူစစ်ဆေးပေးနေတဲ့ နေပြည်တော်ဒက္ခဏခရိုင်တရားရုံးက ဒုတိယတရားသူကြီး ဦးညိုဌေးဟာ စက်တင်ဘာလ(၄)ရက်နေ့မနက်ပိုင်းက ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရက်ကွယ်လွန်ခဲ့ပါတယ်။ သူဟာ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး မီဒီယာတစ်ခုရဲ့ အင်တာဗျူးမှာ တရားခံရဲ့နာမည်ကိုမေ့နေတာကြောင့် လူမှုကွန်ရက်မှာ လူအများရဲ့ ပြစ်တင်ပြောဆိုဝေဖန်မှုကို ခံခဲ့ရတဲ့ သူတစ်ဦးပါ။ အခုလိုဝေဖန်ပြောဆိုခံရခဲ့တာနဲ့ ပတ်သက်လို့ သူမိသားစုကော သူပါစိတ်မကောင်းအရမ်းဖြစ်ခဲ့ရကြောင်း သူငယ်ချင်းဖြစ်သူကိုရင်ဖွင့်ပြောဆိုခဲ့တယ်လို့ ဦးညိုဌေးရဲ့ သူငယ်ချင်းက Duwun ရဲ့အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

"သူဝေဖန်ခံရတာနဲ့ ပတ်သက်ပြီး စိတ်မကောင်းဘူးဆိုတဲ့ အကြောင်းကို ကျွန်တော့်ကိုပြောဖူးပါတယ်။ သူငယ်ချင်းရေတဲ့ ငါ Facebook လည်း မသုံးတော့ဘူး၊ လိုင်းတွေကိုဖွင့်လည်းမကြည့်တော့ဘူးဆိုပြီးပြောခဲ့တယ်။ အရင်တုန်းကတော့ သူက Facebook လည်းသုံးတယ်။ သိပ်များများစားစားမသုံးတောင်မှ ဖွင့်ကြည့်ပြီးတော့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်ဘူး။ အဲလိုအပြောခံ အဆိုခံရတဲ့နောက် သူရဲ့အကောင့်ကိုမသုံးတော့တာ။ အဲဒီနောက်သူ့ကိုလိုင်းပေါ်မှာ မတွေ့ရတော့ဘူး။ ကျွန်တော်လည်း တော်တော် စိတ်ထိခိုက်ပါတယ်၊ သူလည်းအဲဒီလိုခံစားရမှာပေါ့ဗျာ” လို့ ဦးညိုဌေးရဲ့ သူငယ်ချင်းဖြစ်သူ ရန်ကုန်တောင်ပိုင်းခရိုင်တရားရုံး ဒုတိယခရိုင်တရားသူကြီး ဦးညိုလွင်ဦးက ပြောပါတယ်။

ဦးညိုဌေးဟာ လွန်ခဲ့တဲ့ (၂၀၀၆-၂၀၀၇) လောက်ကတည်းက ဆီးချိုရောဂါခံစားနေရတဲ့သူတစ်ဦးဖြစ်ပြီး ရောဂါကြောင့် ရုတ်တရက် သတိမေ့တက်တဲ့အခါမျိုးတွေအမြဲကြုံတွေ့ရတယ်လို့ ဦးညိုလွင်ဦးက ပြောပါတယ်။

photo - Nyo Lwin Oo

ရခိုင်ပြည်နယ်မှာ သူငယ်ချင်းနှစ်ယောက်တာဝန်အတူတူထမ်းဆောင်ခဲ့စဉ်ကတည်းက ညိုဌေးကစကားပြောရင်းနဲ့ အကြောင်းအရာတစ်ခုခုဆို သတိမေ့မေ့သွားတယ်လို့ဆိုပါတယ်။

“ သူက အရင်ကတည်းက စကားပြောရင်းတစ်ခုခုဆိုမေ့မေ့သွားတာ။ သူကပြောတယ်ရောဂါကြောင့်ဖြစ်တာတဲ့၊ ကျွန်တော်လည်း သူအာ့လိုဖြစ်ဖြစ်နေတာကို သတိထားမိတယ်။ ခု ဗစ်တိုးရီးယားကိစ္စမှာလည်း သူရုတ်တရက် သွားရင်းလာရင်း အင်တာဗျူးခံရတော့ တရားခံရဲ့နာမည်ကိုရုတ်တရက်မပြောနိုင်ပဲမေ့နေတယ်။ ဒီရိုက်ကွက်ကိုမီဒီယာက လွှင့်လိုက်တော့ လူတွေက သူ့ကို ဆီးချိုရောဂါသမားမှန်းလည်းမသိ၊ မေ့တက်တဲ့သူမှန်းလည်းမသိတော့ ဦးညိုဌေးကို ဝိုင်းဝန်းပြီး အပြစ်ဖို့ပြောဆိုခဲ့ကြတာ၊ အားမနာပ စကားတွေနဲ့ပေါ့ဗျာ၊ စိတ်လည်းမကောင်းစရာပါ “ လို့ ဦးညိုလွင်ဦးက ပြောပါတယ်။

photo - Nyo Lwin Oo

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်လို့ ဦးညိုဌေးကို လူမှုကွန်ရက်မှာ ပြစ်တင်ပြောဆိုခဲ့ကြပေမယ့် ရုတ်တရက်သူကွယ်လွန်သွားပြီး သူ့ရဲ့အကြောင်းကို သိလာတဲ့အခါမှာတော့ အများက စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ ဦးညိုဌေးတို့မိသားစုဟာ ကျန်းမာရေးနဲ့ပတ်သက်ကာ စိတ်ဖိစီးမှုတွေရှိခဲ့ကြပြီး ဖခင်နဲ့ ဇနီးသေဆုံးပြီး ရက်ပိုင်းမှာပဲ ဦးညိုဌေးဟာ ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရက် ကွယ်လွန်ခဲ့ရတာပါ။ သူဟာ ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး တာဝန်ယူစစ်ဆေးနေတဲ့ နေပြည်တော် ဒက္ခဏခရိုင်တရားရုံးက ဒုတိယခရိုင်တရားသူကြီးလည်းဖြစ်ပါတယ်။


က္က