ကူးစက်ဖြစ်ပွားမှု အပေါ်မူတည်ပြီးပြန်လည်ထိုးပေးဖို့စီစဉ်နေပါတယ်။

COVID-19 ရောဂါကြောင့် ဧပြီလမှာရပ်ဆိုင်းထားရတဲ့ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ကို မေလမှာ ပြန်စဖို့စီစဉ်ခဲ့ပေမယ့် လက်ရှိကူးစက်နေတဲ့ အခြေအနေတွေကြောင့် မေလမှာလည်း မထိုးသေးဘဲ ထပ်မံရွှေ့ဆိုင်းထားလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

လက်ရှိ ရောဂါကူးစက်မှုအခြေအနေပေါ်မူတည်ကာ မေလလယ်လောက်မှာတော့ ဆေးရုံ၊ဆေးခန်းတွေမှာ ပြန်လည်ထိုးပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ညွန်ကြားရေးမှူး ဒေါက်တာထားထားလင်းက Duwun ကိုပြောပါတယ်။ “ ကျွန်မတို့ ဒီရောဂါ အခြေအနေပေါ်မူတည်ပြီး စဉ်းစားရမှာပါ။ ဇွန်လအထိ ရွှေ့မယ်ဆိုရင်လည်း အချိန်အရမ်းကြာသွားမှာ ဖြစ်တဲ့အတွက် မေလလယ်လောက်မှာ ပြန်ထိုးပေးနိုင်ဖို့ စီစဉ်မှာပါ။ “ လို့ ဒေါက်တာထားထားလင်းက ဆိုပါတယ်။



ကာကွယ်ဆေးထိုးလုပ်ငန်းမှာ အနည်းဆုံးထားရမယ့် ကာကွယ်ရေးပစ္စည်းတွေရှိပေမယ့် ဒီအချိန်မှာ COVID-19 လုပ်ငန်းတွေအတွက် လုံလောက်အောင် ဦးစားပေးထားဖို့က ပိုလိုအပ်တာကြောင့် ဆေးရုံ၊ဒေသန္တရဆေးခန်း၊ စုရပ်တွေမှာ ထိုးရတာတွေကို ဧပြီလ ၁ ရက်နေ့ကရပ်ဆိုင်းလိုက်တာလည်းဖြစ်ပါတယ်။

ဒီလို ကာကွယ်ဆေးထိုးနောက်ကျသွားတဲ့အခါမှာ ဆိုးကျိုးတွေရှိပေမယ့် တတ်နိုင်သမျှကလေးတွေကို အပြင်မထွက်ခိုင်းဖို့၊ ရောဂါရှိသူတွေနဲ့ နီးနီးကပ်ကပ်မနေခိုင်းဖို့ ကူးစက်ရောဂါတွေကတော့ ယေဘုယျအားဖြင့် ကာကွယ်နိုင်တယ်လို့လည်း ဒေါက်တာထားထားလင်းက ဆိုပါတယ်။

“ ကာကွယ်ဆေးထိုးနောက်ကျတာကတော့ မကောင်းပါဘူး။ဒါပေမယ့် နောက်ထပ် အလွန်ဆုံး တစ်လ၊ နှစ်လ လောက်မှာ ကလေးတွေအားလုံး ပြန်ထိုးနိုင်အောင် ကျွန်မတို့ ပြန်လုပ်မှာပါ။ “ လို့ ပြောပါတယ်။

ကာကွယ်ဆေးထိုးပေးရတာက အချိန်နဲ့ ထိုးပေးနိုင်တာက ကောင်းတယ်ဆိုပြီး အခုလို လပိုင်း အနည်းငယ် ရွေ့ဆိုင်းသွားတာကတော့ ပြဿနာမရှိနိုင်တာကြောင့် မိဘတွေအနေနဲ့လည်းစိုးရိမ်ဖို့ မလိုဘူးလို့လည်း ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာစောဝင်းက Duwun ကိုပြောပါတယ်။

“အသွားအလာကန့်သတ်တာအပြင်သိပ်မထွက်တာကျောင်းတွေမဖွင့်တာကြောင့် ကိုဗစ်ကိုကာကွယ် ရုံတင်မဟုတ်ပဲ အခြားကူးစက်ရောဂါတွေဖြစ်တဲ့ ရာသီတုပ်ကွေး၊ ဝက်သက် ၊သွေးဘွန်တုပ်ကွေးတွေလည်း ဖြစ်ပွားမှုလောလောဆယ်နည်းမှာပါ။ မိဘတွေအနေနဲ့ ဒီအချိန်မှာ အိမ်မှာပဲ ကိုယ့်ကလေးကို ဂရုစိုက်ဖို့လိုပါတယ်။” လို့ဆိုပါတယ်။

ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ ကလေးမွေးကင်းစကနေ အသက် ၁ နှစ်ခွဲအရွယ်ထိ ပြင်းထန်တီဘီရောဂါ၊ အဆုတ်ရောင်ရောဂါ၊ အသည်းရောင်အသားဝါ၊ ဆုံဆို့၊ကြက်ညာ၊မေးခိုင် စတဲ့ ငါးမျိုးစပ်ကာကွယ်၊ ဝက်သက်၊ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ စတဲ့ ကာကွယ်ဆေးပေါင်း ၁၂ မျိုးခန့်ကို ထိုးပေးနေတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က