အခြေခံလူတန်းစားတွေအတွက် နိုင်ငံတော်ကလည်း ကူညီထောက်ပံ့မှုတွေရှိနေပါတယ်။

COVID ကာလအတွင်းကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါမှာ ဒီကာလကိုအကြောင်းပြုပြီး မြန်မာနိုင်ငံမှာ ရာဇဝတ်မှုတွေတိုးလာတာမရှိဘူးလို့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

တချို့နိုင်ငံတွေမှာ အခုလို COVID ကာလအတွင်း လုယက်မှု၊ ခိုးမှု စတဲ့ရာဇဝတ်မှုတွေ တက်လာပြီး မြန်မာနိုင်ငံမှာက လွန်ခဲ့တဲ့ တစ်ပတ်အထိစစ်တမ်းအရ ရာဇဝတ်မှုတွေ တိုးလာတာမရှိဘူးလို့ သိရပါတယ်။ အခုလို ရာဇဝတ်မှုတွေတိုးလာခြင်းမရှိတာက အခြေခံလူတန်းစားတွေကို တက်နိုင်သလောက်နိုင်ငံတော်က ပံ့ပိုးပေးတဲ့ ကိစ္စကလည်း အထောက်အကူဖြစ်မယ်လို့ အတိုင်ပင်ခံက ဒီကနေ့ အွန်လိုင်းဆွေးနွေးပွဲမှာပြောခဲ့ပါတယ်။



“COVID ကာလမှာ အခြေခံလူတန်းစားတွေအဆင်ပြေအောင် စားဝတ်နေရေးတွေမှာအခက်အခဲမရှိအောင် နိုင်ငံတော်အနေနဲ့ အများကြီးကြိုးစားပါတယ်။ ကြိုးစားပေမယ့်လည်းအတိုင်းအတာတစ်ခုထိပဲလုပ်နိုင်ပါတယ်။ နိုင်ငံကချမ်းသာတဲ့နိုင်ငံမဟုတ်တဲ့အတွက် စိစစ်ပြီးသုံးရတာပါ။ အခုလို COVIDကာလမှာ တချို့နိုင်ငံတွေမှာ ရာဇဝတ်မှုတွေဖြစ်တယ်။ ဒါကလည်း ပြည်သူတွေရဲ့ စားဝတ်နေရေးအခက်အခဲကြောင့်ဖြစ်လာတဲ့ ပြဿနာဆိုတော့ ပြောလို့မရဘူးပေါ့နော်။ ဒီမှာကတော့ COVIDကာလကြောင့် ရာဇဝတ်မှုတိုး လာတာမရှိဘူး။ ဒါကလည်းကောင်းတဲ့အချက်ပါ”လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

COVID ကာလအတွင်း နိုင်ငံတော်အနေနဲ့ကလည်း အခြေခံလူတန်းစားတွေ စားဝတ်နေရေးအတွက် ထောက်ပံ့ရေးအစီအစဉ်ကို ဒုတိယအကြိမ်ထပ်ပြီးဆောင်ရွက်ပေးမှာပါ။ အခုလိုအစီအစဉ်တွေကလည်း နိုင်ငံတွင်း ရာဇဝတ်မှုတိုးမလာအောင် အထိုက်အလျှောက်တော့ အထောက်အကူပြုမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ COVID ကာလစတင်ဖြစ်ပွါးတဲ့ မတ်လ (၂၃)ကစပြီး ဇွန်လ ၁၈ရက်နေ့ထိ တစ်နိုင်ငံလုံး အမှုပေါင်း (၇၀၀၀)ကျော်ဖြစ်ပွါးခဲ့ရာမှာ အမှုပေါင်း (၅၆၀၀)နီးပါးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူခံရမှုဖြစ်ပါတယ်။ COVID ကာလကြောင့် ခိုးဆိုးလုနှိုက်အမှုမျိုးက ယခင်ကထက် တိုးလာခြင်းမရှိဘူးလို့ စစ်တမ်းများအရ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က