လူနာ (၂၀၀၀)ကျော်အထိထားနိုင်မှာပါ။
Ei Ei Htun

COVID19 positive လူနာတွေကို ဖောင်ကြီးဗဟိုဝန်ထမ်းတက္ကသိုလ်မှာ ထားရှိဖို့အတွက် ပြင်ဆင်နေဆဲဖြစ်ပြီး လူ (၂၀၀၀)ကျော်လောက်ထားရှိနိုင်အောင်ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက positive လူနာတွေကို ဝေဘာဂီဆေးရုံမှာ ကုသပေးလျှက်ရှိနေပြီး ဝေဘာဂီဆေးရုံက ပြင်ဆင်ထားတဲ့နေရာတွေမှာ လူနာပြည့်သွားခဲ့ရင် တောင်ဥက္ကလာပမြို့နယ်က မိခင်နှင့်ကလေးဆေးရုံအဆောင်သစ်နဲ့ ဖောင်ကြီးသင်တန်းကျောင်းတို့မှာ ထားရှိနိုင်ရန်ပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။ 

ဧပြီလ(၂၁)ရက်နေ့စပြီး ဖောင်ကြီးမှာ လူနာတွေစတင်ထားတော့မယ်ဆိုတဲ့ သတင်းကြောင့် Duwun က ဆက်သွယ်မေးမြန်းတဲ့အခါမှာ 

“ မနက်ဖြန်ကစပြီး လူနာတွေမထားသေးပါဘူး။ အခုမှပြင်ဆင်နေဆဲပါ။ အားလုံးအဆင်သင့်ဖြစ်ရင် အသိပေးမှာပါ” လို့ ဖောင်ကြီးဆေးရုံအုပ်ကြီး ဒေါက်တာကိုကိုနောင်က Duwun ရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ပါတယ်။

လက်ရှိမြန်နိုင်ငံအတွင်း COVID19 အတည်ပြုလူနာ (၁၁၁)ဦးမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက (၈၉)ဦးပါဝင်နေပါတယ်။ အတည်ပြုလူနာတွေထားရှိထားတဲ့ ဝေဘာဂီဆေးရုံမှာလူနာ(၉၀)အတွက်နေရာပြင်ဆင်ထားပြီး နေရာပြည့်သွားရင်တော့ တောင်ဥက္ကပက မိခင်နှင့်ကလေးဆေးရုံအဆောင်သစ်မှာ လူ (၁၅၀)စာအတွက် ပြင်ဆင်ထားလျှက်ရှိပါတယ်။ နောက်ဆုံးအနေနဲ့ လူနာတွေကို ဖောင်ကြီးမှာ ထားရှိဖို့အတွက် လူနာအခန်းတွေကော ဝန်ထမ်းတွေအတွက် နေထိုင်ရေးအတွက်ပါအားလုံးပြင်ဆင်လျှက်ရှိနေတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က