ဒါရိုက်တာ မင်းထင်ကိုကိုကြီး ရေးသားရိုက်ကူးထားတဲ့ လူ့အခွင့်အရေးဇာတ်လမ်းတို ရုပ်ရှင်ကို ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ပြသပွဲ ကျင်းပသွားမယ်လို့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော် ကျင်းပရေးအဖွဲ့ကနေ သိရပါတယ်။
Photo - Min Htin Ko Ko Gyi Fb
လူ့အခွင့်အရေး အချက် (၃၀) အကြောင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတိုရုပ်ရှင် (၃၀) ကို ဇွန်လ ၄ ရက်နေ့ နေ့လယ် ၂ နာရီမှ ၆ နာရီအထိ ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ ကျင်းပသွားမယ်လို့ ဆိုပါတယ်။
လူ့အခွင့်အရေးမှာပါရှိတဲ့ အချက် (၃၀) မှာ တစ်ချက်ချင်းစီကို ရုပ်ရှင် တစ်ပိုင်းစီ ရိုက်ကူးထားပြီး တစ်ပိုင်းကို ၅ မိနစ်ကနေ ၁၀ မိနစ်ခန့်အထိ ရိုက်ကူးထားတယ်လို့သိရပါတယ်။
“ ရုပ်ရှင်ကားတွေ စရိုက်ကတည်းက ကျွန်တော်တို့က Premium Show ပြမယ်လို့ ရည်ရွယ်ထားပြီးသားပါ။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ပညာပေးဇာတ်လမ်းတွေပေါ့နော်။ ဆရာတစ်ဦးက ရိုက်ကူးခဲ့တာပါ” လို့ လူ့အခွင့်အရေးရုပ်ရှင်သိပ္ပံမှ ကိုကျော်ဆက်နိုင်က Duwun ကိုပြောပါတယ်။
ပြပွဲကို သံရုံးတွေ၊ နိုင်ငံခြားအဖွဲ့အစည်းတွေ၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ USAID တာဝန်ရှိသူတွေ၊ အနုပညာရှင်၊ အတတ်ပညာရှင်တွေ တက်ရောက်မယ်လို့လည်းသိရပါတယ်။
လက်ရှိမှာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တပ်မတော်ကနေ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
မင်းထင်ကိုကိုကြီးရဲ့ ဖေ့ဘုတ်စ်စာမျက်နှာတွေပေါ်က အရေးသားတွေက တပ်မတော်ကို ထိခိုက်တယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကတည်းက တရားစွဲဆိုခံရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင်ခံထားရတယ်လို့သိရပါတယ်။