ဦးဌေးအောင်က ကော့မှူးမြို့နယ်ကနေ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ကော့မှူးမဲဆန္ဒနယ်ကနေ NLDပါတီကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဘက်ကိုယ်စားလှယ်လောင်း ဦးဌေးအောင်က ကန့်ကွက်လွှာတင်သွင်းထားတဲ့အပေါ် အချက်အလက်များ စိစစ်နေပြီး မနက်ဖြန် (သြဂုတ်လ ၁၅ရက်) မှာ အကြောင်းပြန်မယ်လို့ သိရပါတယ်။

“သြဂုတ်လ ၁၂ရက်က လာတင်တယ်။ အဓိကကတော့ နိုင်ငံခြားအထောက်အပံ့ယူတယ်ပေါ့ ။ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်ကိုလည်း စာရွက်စာတမ်းတွေပေးပြီးပြီ။ စိစစ်နေတယ်.. မနက်ဖြန် ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဌေးအောင်ကို အကြောင်းပြန်မှာပါ။ အခုတော့ ရလဒ်ကို ပြောပြလို့မရသေးပါဘူး “ လို့ ရန်ကုန်တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးသိန်းလှိုင်က Duwun ကို ပြောပါတယ်။ ဦးဌေးအောင်ရဲ့ စွပ်စွဲချက်တွေကို NLD ပါတီအနေနဲ့ ဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမယ်လို့လည်းသိရပါတယ်။ ဒီအတွက် NLD ပါတီရဲ့ ဥပဒေအကြံပေးအဖွဲ့ရဲ့သုံးသပ်ချက်တွေကို ဗဟိုကော်မတီအဖွဲ့ဝင်များက မကြာမီရက်ပိုင်းအတွင်း ဆွေးနွေးကြမှာဖြစ်ပြီး ထိထိရောက်ရောက်တုံ့ပြန်မယ်လို့ ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က Duwun ကို ပြောပါတယ်။



ဦးဌေးအောင်ရဲ့ စွပ်စွဲတိုက်ခိုက်မှုတွေကို အပြီးပြတ်ရပ်တန့်နိုင်ဖို့ NLD အနေနဲ့ ဥပဒေအရ စနစ်တကျဆောင်ရွက်နေပြီး နောက်ကွယ်ကပါဝင်နေတဲ့ အဖွဲ့အစည်းရှိနေမယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်ကလည်း သုံးသပ်ထားပါတယ် ။ "၂၀၂၀နီးလာတဲ့အခါ ဦးဌေးအောင်ရဲ့ တိုက်ခိုက်မှုက ပိုပြီးများလာတယ်။ ပရမ်းပတာနိုင်လာတာတွေ့ရတယ်။ တစ်ချို့ကိစ္စတွေဆို သူ့မှာခိုင်မာတဲ့အထောက်အထားမရှိပါဘူး။ ဘေးအပြော ဘေးအမြင်နဲ့တင် စွပ်စွဲပုတ်ခတ်နေတာပါပဲ။ လုပ်ရပ်တွေကကျွံလာပြီ။ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့နဲ့တိုင်ပင်ပြီး လုပ်နေပါတယ်။ သူ့ကို ရပ်တန့်ဖို့လိုနေပါပြီ။ ကျွန်တော်တို့က ပြန်မပြောဘူးဆိုရင် မှန်လို့ပဲလို့ ဖြစ်နေတတ်တယ်။ တစ်ဖက်က ကြည့်ပြန်တော့လည်း သူဟာ ပြန်ပြီးတော့ချေပဖို့ကိုပဲ မလိုတဲ့ ပုဂ္ဂိုလ်ပါပဲ။ သူ့ရဲ့နောက်မှာ တခြားပယောဂ၊ အဖွဲ့အစည်းပါနိုင်တယ်လို့ပဲ ထင်မြင်သုံးသပ်ပါတယ်" လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က Duwun ကိုပြောပါတယ်။ ဦးဌေးအောင်က ကော့မှူးမြို့နယ်ကနေ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားအဖွဲ့အစည်းအထောက် အပံ့ရယူထားခြင်း၊နိုင်ငံတော်ငွေကို ပါတီနာမည်နဲ့အသုံးချခြင်းအစရှိတဲ့ စွပ်စွဲချက်တွေနဲ့ ရန်ကုန်တောင်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာ ကိုယ်စားလှယ်လောင်းကန့်ကွက်လွှာ တင်သွင်းထားတာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က