ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားပေးခဲ့တဲ့ ကဗျာဖြစ်ပါတယ်။
Ye Yint Htay

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လက်ရေးနဲ့ရေးခဲ့တဲ့ ကဗျာစာရွက်မူရင်းကို အွန်လိုင်းမှာလေလံတင်ရောင်းချရာမှာ ငွေကျပ်သိန်း ၂၄၀၀ နဲ့လေလံအောင်ခဲ့တယ်လို့ သိရပါတယ်။

နောက်ဆုံးအဆင့် လေလံပွဲကို ဒီနေ့ည(၉)နာရီမှာ ဈေးပြိုင်စနစ်နဲ့လေလံဆွဲပြိုင်ဆိုင်ခဲ့ကြပြီး REDs Vote NLD Facebook Page ကနေ Live ထုတ်လွှင့်ခဲ့ပါတယ်။ ကဗျာစာရွက်ကို သြဂုတ် ၃၀ရက်နေ့ကစတင်ပြီး ကြမ်းခင်းဈေး ၅၄သိန်းနဲ့လေလံပေးနိုင်ကြောင်း စတင်ကြေညာခဲ့တာပါ။ ဒီနေ့ညမှာတော့ ကြမ်းခင်းဈေးအဖြစ် ငွေကျပ်သိန်း ၁၅၀၀ နဲ့စတင်ခဲ့ပြီးနောက်ဆုံးမှာတော့ ငွေကျပ်သိန်း ၂၄၀၀ နဲ့လေလံအောင်ခဲ့တာပါ။

နောက်ဆုံးအဆင့်လေလံပွဲကို Live ထုတ်လွှင့်ခြင်းမစတင်မီမှာ ကဗျာစာရွက်ပိုင်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ကဗျာစာရွက်ရဲ့သမိုင်းကြောင်းကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဆိုပါ ကဗျာစာရွက်ကို ပိုင်ရှင်ဖြစ်တဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက တရားဝင်လွှဲပြောင်းပေးခဲ့ပြီး မောင်မောင်အေးက တာဝန်ယူဆောင်ရွက်ကာ လေလံတင်ရောင်းချပေးခဲ့ခြင်းဖြစ်ပါတယ်။

လေလံအောင်ရရှိတဲ့ ငွေကျပ်သိန်း ၂၄၀၀ကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအောင်နိုင်ရေးမှာ အသုံးပြုဖို့အတွင်လှူဒါန်းသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရေးမူကဗျာစာရွက်ဟာ ကိုလံဘီယာနိုင်ငံမှာ ၂၀၁၁ခုနှစ်ကကျင်းပခဲ့တဲ့ နိုင်ငံတကာကဗျာပွဲတော်မှာ ရွတ်ဆိုချင်တဲ့အတွက် ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားပေးခဲ့ခြင်း ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က