လူဦးရေထောင်ချီနီးပါးလိုက်ပါပို့ဆောင်ခဲ့တာပါ။
Ei Ei Htun

မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ နာရေးဈာပနာကို ဒီကနေ့ နိုဝင်ဘာလ(၆)ရက်နေ့ကပြုလုပ်ခဲ့ပြီး ညနေ(၅)နာရီမှာ ရေဝေးသုသာန်မှာမီးသဂြိုလ်ခဲ့ပါတယ်။

ပြည်သူတွေအပေါ်စေတနာထားတဲ့ ဒေါက်တာထွန်းလွင်ရဲ့နောက်ဆုံးခရီးကိုတော့ လူအများအပြားလိုက်ပါပို့ဆောင်ပေးခဲ့ကြတာပါ။

“ ဆရာကြီးက အားလုံးအပေါ်မှာစေတနာထားတယ်။ ချစ်တဲ့ စိတ်လည်းရှိတယ်။ ဒါကြောင့်လည်း အခုဆရာကြီးရဲ့နောက်ဆုံးကွယ်လွန်တဲ့ အချိန်မှာတောင် အားလုံးက ဆရာကြီးကိုချစ်တဲ့ စိတ်နဲ့ လာကြတာပါ။ ဆရာကြီးကွယ်လွန်သွားရတာ မြန်မာနိုင်ငံရဲ့အနာဂတ်အတွက်အရမ်းဝမ်းနည်းမိတယ်။ ဌာနဆိုင်ရာဘက်ကတော့ မိုးလေဝသဆိုင်ရာသတင်းတွေကို ခန့်မှန်းပြောကြားတာတွေကတော့ ရှိနေမှာပဲ။အများပြည်သူသိချင်တဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီ တိတိပပထုတ်ပြန်နိုင်ဖို့ဆိုတာကတော့ ဆရာကြီးလောက်အားမကောင်းသေးဘူးလို့ကျွန်တော်က မြင်တယ်။ ဒါကြောင့် ကျန်ရှိနေတဲ့ တာဝန်ရှိသူတွေကလည်း ဆရာကြီးလောက်နီးပါး ပိုပြီးထိရောက်တဲ့ တုန့်ပြန်မှုတွေ၊ သတင်းပေးမှုတွေရှိဖို့လိုမယ်” လို့ ဆရာကြီးနဲ့ လုပ်ငန်းတူတူလုပ်ကိုင်ခဲ့ဖူးတဲ့ ကာတွန်းဆရာကိုမြတ်စံက ပြောပါတယ်။ 

ဆရာကြီးရဲ့နောက်ဆုံးခရီးကိုတော့ အလုပ်တူတူလုပ်ကိုင်ခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းများ၊ အပေါင်းအသင်းမိတ်ဆွေများနဲ့ မိသားစုဝင်များက ဝမ်းနည်းစွာနဲ့လိုက်ပါပို့ဆောင်ပေးခဲ့ကြပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှလည်း လွမ်းသူ့ပန်ခြင်းပေးပို့ခဲ့ပါတယ်။

ဆရာကြီးဦးထွန်းလွင်ဟာ မိုးလေဝသနှင့်ဇလဗေသ ညွှန်ကြားမှုဦးစီးဌာနမှာ နှစ်ပေါင်း (၄၀)ကျော်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး အလုပ်ကအနားယူခဲ့ပြီးနောက်မှလည်း မိုးလေဝသသတင်းတွေနဲ့ ပတ်သက်လို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြည်သူတွေအတွက် အဆက်မပြတ် အချိန်နဲ့တပြေးညီကြေညာပေးခဲ့သူတစ်ယောက်ပါ။

ဆရာကြီးဆုံးပါးသွားရတာကတော့ ပြည်သူအားလုံးအတွက် အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ရပါတယ်။ ဆရာကြီးကိုတော့ မီးသဂြိုလ်ခဲ့ပြီး အရိုးပြာကိုဂူသွင်းခဲ့ကာ ရက်လည်ဆွမ်းသွတ်ခြင်းကိုတော့ နိုဝင်ဘာလ (၁၀)ရက်နေ့ မှာပြုလုပ်သွားမှာဖြစ်ပါတယ်။  


က္က