(၃၁)လမ်းနဲ့ ဗိုလ်ဆွန်ပတ်လမ်း(အောက်ဘလောက်)မှာ ဖွင့်လှစ်ထားတာပါ။

ရန်ကုန်မြို့တော်စည်ပင်နဲ့ ဒို့အိမ်အဖွဲ့အစည်းတို့ပူးပေါင်းပြီး ဒေါ်လာ(၈၀၀၀)ကျော်အကုန်အကျခံပြုပြင်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့နောက်ဖေးလမ်းကြားတစ်ခုကိုတော့ ဖေဖော်ဝါရီလ(၂၉)ရက်နေ့မနက်ပိုင်းကဖွင့်လှစ်ခဲ့ပါတယ်။

အဆိုပါနောက်ဖေးလမ်းကြားကိုတော့ ၃၁လမ်းနဲ့ ဗိုလ်ဆွန်ပက်လမ်း(အောက်ဘလောက်)မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ပန်းချီ ၊ ပန်းပုအပါအဝင် မြန်မာ့ရိုးရာသုခုမအနုပညာဖြစ်တဲ့ ပန်း(၁၀)မျိုးကို အဓိကပုံဖော်ထားတာဖြစ်လို့ မြန်မာ့လက်မှုအနုပညာရဲ့ အငွေ့အသက်တွေကိုတော့အပြည့်အဝခံစားခွင့်ရရှိမှာပါ။

“ ဒီနောက်ဖေးလမ်းကြားကိုပြင်ဆင်ဖို့အတွက် ဘတ်ဂျက်ငွေဒေါ်လာ(၈၀၀၀)ကိုရရှိခဲ့တယ်။ တာဝန်ရှိသူတွေအားလုံးပူးပေါင်းပြီးဆောင်ရွက်ခဲ့တဲ့လမ်းလည်းဖြစ်ပါတယ်။ ဇူလိုင်လလောက်ကတည်းက ဒီ Project ကို အဆင့်ဆင့်စတင်အကောင်အထည်ဖော်ခဲ့တာပေါ့။ ရန်ကုန်မှာက အများပြည်သူဆိုင်နေရာဆိုတာက တဖြေးဖြေးနဲ့ ရှားပါးလာပြီ။ မြို့ထဲကနောက်ဖေးလမ်းကြားတွေမှာဆိုရင်ပိုဆိုးတယ်။ အခုလိုနောက်ဖေးလမ်းကြားတွေကိုပြုပြင်လိုက်တော့ ကလေးတွေအတွက်လည်း ကစားစရာနေရာတွေရလာသလို လူကြီးတွေအတွက်လည်း အပန်းဖြေစရာနေရာတစ်ခုဖြစ်လာတာပေါ့” လို့ ဒို့အိမ်မှ လူထုဆက်ဆံရေးတာဝန်ခံ မရွှန်းလဲ့လဲ့ထွန်းက မီဒီယာတွေကိုပြောပါတယ်။ 

အခုပြုပြင်ထားတဲ့နောက်ဖေးလမ်းကြားကို ရေရှည်ပြုပြင်ထိန်းသိမ်းနိုင်အောင် ဈေးဆိုင်တချို့ကိုဖွင့်လှစ်ခွင့်ပေးသွားမှာဖြစ်ပြီး အဲဒီကရတဲ့ ငွေနဲ့ လမ်းထိန်းသိမ်းရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပန်းဘဲတန်းမြို့နယ် အမှတ်(၉)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ထွန်းက ပြောပါတယ်။ 

“ ကျွန်တော်တို့က ဒီလမ်းကိုရေရှည်ထိန်းသိမ်းနိုင်ဖို့ကျတော့ အသုံးပြုဖို့ပိုက်ဆံလိုတယ်။အဲဒီတော့ ကျွန်တော်တို့ကဝင်ငွေရရှိအောင် စီးပွားရေးလုပ်တဲ့သူတွေနဲ့ ချိတ်ဆက်ရမှာပေါ့။ အရင်ဆုံးကတော့ ဒီမှာ ဈေးဆိုင်လေးတွေဖွင့်သွားမယ်။သန့်ရှင်းတဲ့ ဆိုင်မျိုးတွေပေါ့။သူတို့ဆီက နေရာခရတဲ့ ပိုက်ဆံတွေကို ဒီလမ်းရေရှည်လှပမှုရှိအောင် ထိန်းသိမ်းခြင်းလုပ်ငန်းတွေဆောင်ရွက်သွားမယ်” လို့ ဦးမောင်မောင်ထွန်းကပြောပါတယ်။ 

ဒို့အိမ်ဟာ ရန်ကုန်မြို့တော်စည်ပင်နဲ့ ပူးပေါင်းပြီး ရန်ကုန်မြို့ရဲ့ နောက်ဖေးလမ်းကြားများကို သန့်ရှင်းလှပအောင် မတူသောဖန်တီးမှုအသစ်သစ်တွေနဲ့ ပြုပြင်ဆောင်ရွက်လျှက်ရှိတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။ နောက်ထပ်ဖွင့်လှစ်မယ့် (၁၁)ခုမြောက်နောက်ဖေးလမ်းကြားကိုတော့ (၃၁)လမ်းနဲ့ (၃၂)လမ်းကြားမှာဖွင့်လှစ်သွားဖို့ရှိတယ်လို့သိရပါတယ်။



က္က