ယနေ့မနက် အတည်ပြုလူနာတွေထဲမှာ ဒေါပုံမြို့နယ်က နှစ်ဦးပါရှိပါတယ်။
Mi Thawdar Aung

ဒေါပုံမြို့နယ်က ပထမဆုံး COVID-19 ပိုးတွေ့ လူနာ (၂) ဦးအနက် တစ်ဦးက တရားဟောဆရာဒေးဗစ်လားရဲ့ ဘာသာရေးအခမ်းအနားကို တက်ရောက်ခဲ့သူဖြစ်ပြီး ကျန်တစ်ဦးကတော့ ပန်းဘဲတန်းမြို့နယ်က သေဆုံးသူ လူနာနံပါတ် ၃၉ ကို အနီးကပ်ပြုစုခဲ့သူဖြစ်တယ်လို့ ဒေါပုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်က Duwun ကိုပြောပါတယ်။

ဒေးဗစ်လားရဲ့ တရားပွဲကို တက်ရောက်ခဲ့တဲ့ အသက် ၄၄ နှစ်အရွယ် စောယူရီဒဲလားဟာ ဒေါပုံမြို့နယ် ၊ မြို့မလမ်း၊ ယမုံနာ (၁) ရပ်ကွက်မှာနေထိုင်သူဖြစ်ပြီး ဒေးဗစ်လားမှာ ရောဂါပိုးတွေ့ရှိခဲ့ပြီးတဲ့နောက် သူ့ကို ရဝေနွယ် (အင်းမ) ကျောင်းတိုက်ရှိ Quarantine စင်တာကို ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။

“ စောယူရီဒဲလားက လူနာနံပါတ် ၁၀၀ ပါ။ လူမှုကွန်ရက်မှာ တက်လာတဲ့ပုံအရဆို ဒေးဗစ်လားရဲ့ တရားပွဲမှာ အဆိုတော်မျိုးကြီးနားမှာ ရပ်နေတဲ့သူပေါ့။ ဒေးဗစ်လားတို့မှာ ရောဂါပိုးတွေ့ကတည်းက သူ့ကို Quarantine စင်တာကို ပို့ထားပြီးသားပါ။ အခုဒီနေ့မနက်မှာတော့ ရောဂါပိုးရှိကြောင်း ကြေညာတာပေါ့ ” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်က Duwun ကို ပြောပါတယ်။

လူနာ နံပါတ် ၁၀၀ စောယူရီဒဲလားဟာ နေအိမ်မှာ တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး လက်ရှိသူနေထိုင်ရာ တိုက်ခန်းတွဲနဲ့ လမ်းကိုလည်း Lock Down လုပ်လိုက်ပြီဖြစ်ပါတယ်။

စောယူရီဒဲလားမှာ မိသားစုဝင်မရှိပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သူနဲ့ အတူပရဟိတလုပ်အားပေး လုပ်ကိုင်ဖူးသူ အမျိုးသမီး (၃) ဦး ရှိခဲ့တာကြောင့် သူတို့ကိုလည်း အသွားအလာကန့်သတ်လိုက်ပြီးလို့ သိရပါတယ်။ ဒါ့အပြင် သူ့ရဲ့ နေအိမ်မှာ အဝတ်လာလျှော်တဲ့ အမျိုးသမီးငယ်တစ်ဦးကလည်း ဒေါပုံမြို့နယ်၊ သဘောၤကျင်းမှာ နေထိုင်တာကြောင့် အဆိုပါ အမျိုးသမီးကိုလည်း အသွားအလာကန့်သတ်လိုက်ပြီလို့သိရပါတယ်။

နောက်တစ်ဦးကတော့ လူနာနံပါတ် ၉၉ ဖြစ်ပြီး အသက် (၃၈)နှစ်အရွယ် ဒေါပုံမြို့နယ်၊ သစ္စာနွယ်လမ်း၊ နွယ်အေးရပ်ကွက်မှာနေထိုင်တယ်လို့သိရပါတယ်။ သူကတော့ လူနာနံပါတ် ၃၉ ကို ဆေးရုံမှာ သွားပြုစုခဲ့ရာကနေ ရောဂါပိုးကူးစက်ခံခဲ့ရတာလို့ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ရဲ့ ပြောပြချက်အရသိရပါတယ်။

လက်ရှိတော့ လူနာ ၉၉ နေထိုင်ရာလမ်းနဲ့ အိမ်ခန်းတွဲကိုတော့ Lock Down ပြုလုပ်ထားပြီး သူရဲ့ မိသားစုအပါအဝင် အိမ်ခန်းတွဲမှာနေထိုင်သူ စုစုပေါင်း (၁၂) ဦးကိုလည်း အသွားအလာကန့်သတ်ထားပြီးဖြစ်ပါတယ်။

“လူနာ (၂) ဦးနဲ့ ထိတွေ့ပတ်သက်ခဲ့တာတွေကိုလည်း အသွားအလာကန့်သတ်တာတွေ ၊ နေအိမ်တွေကို Lock Down လုပ်တာတွေ ကျွန်တော်တို့ ဒီနေ့မနက်မှာ ဆောင်ရွက်ခဲ့ပါတယ်။ “ လို့ ဒေါပုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်က Duwun ကိုပြောပါတယ်။

ဒီနေ့ ဧပြီလ ၁၉ ရက် မနက်ပိုင်းအထိ ထုတ်ပြန်ချက်အရ လက်ရှိ မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့ရှိသူ ၁၀၇ ဦးအထိရှိလာပြီး ရန်ကုန်တိုင်းမှာတော့ ၈၈ ဦး ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က