ဒီကနေ့ နောက်ထပ် ထောင်ဒဏ်တစ်နှစ် ထပ်မံချမှတ်ခဲ့တာပါ။
Ei Ei Htun

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တရားစတင်စွဲဆိုတဲ့အချိန်ကစလို့ နောက်ပိုင်းအမှုတွေဆက်ပြီးရင်ဆိုင်ရမယ့် ကာလတွေထိဥပဒေနဲ့ မညီညွတ်တဲ့ အနေအထားမျိုးတွေတွေ့နေရတာကြောင့် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အစီရင်ခံစာတင်ပြပြီး အသနားခံစာတင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ 

တပ်မတော်ကိုအကြည်ညိုပျက်စေမှုနဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်(၅)ဦးကို အောက်တိုဘာလ(၃၀)ရက်နေ့က မရမ်းကုန်းမြို့နယ်တရားရုံးမှာ ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ခဲ့ပြီးနောက် ဒီကနေ့နိုဝင်ဘာလ(၁၈)ရက်နေ့မှာလဲ အဆိုပါ(၅) ဦး အပါအဝင် နောက်ထပ်တစ်ဦးကိုပါ ဗိုလ်တစ်ထောင်တရားရုံးမှာ ပုဒ်မ၅၀၅(က)နဲ့ပဲ ထောင်ဒဏ်တစ်နှစ်စီ ထပ်မံ ချမှတ်လိုက် ပါတယ်။ အမှုဖွင့်ထားတဲ့မြို့နယ်တရားရုံးတိုင်းမှာ အခုလိုထောင်ဒဏ် ချမှတ်ခံနေရတာနဲ့ ပတ်သက်လို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေအတွက် နိုင်ငံတော်အကြီးအကဲတွေထံ အသနားခံစာတင်သွားမှာဖြစ်တယ်လို့သိရပါတယ်။

“ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တရားစတင်စွဲဆိုတဲ့အချိန်ကစလို့ နောက်ပိုင်းအမှုတွေဆက်ပြီးရင်ဆိုင်ရမယ့် ကာလတွေထိ သူတို့ကိုထောင်ထဲမှာပဲ အချိန်ကြာကြာနေစေလိုတဲ့ ရည်ရွယ်ချက်တွေများ ရှိနေလားလို့ ကျွန်မအနေနဲ့ သံသယဖြစ်ပါတယ်။ ဥပဒေအရလည်းအဲလိုမြင်နေရပါတယ်။ ဒါကြောင့်မလို့ ကျွန်မက ဒီနေ့ (၁၈)ရက်နေ့ အမိန့်ချမှတ်တာကိုရော၊ မရမ်းကုန်းမှာ အမိန့်ချခဲ့တာကိုရော ၊ ၆၆ (ဃ)နဲ့ဆက်လက်တရားစွဲဆိုထားတဲ့ ကိစ္စတွေအတွက်နဲ့ ဧရာဝတီတိုင်းက ဆက်လက်ရင်ဆိုင်ရမယ့် အမှုတွေအတွက် နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အထိ အစီရင်ခံစာတင်ပြပြီး အသနားခံစာတင်ဖို့ ရည်ရွယ်ထားတယ်” လို့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေအတွက် လိုက်လံဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဒေါ်စန်းစန်းမြင့် က မီဒီယာတွေကိုပြောပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် (၇)ဦးအနက် (၆)ဦးကို အလုပ်နဲ့ထောင်ဒဏ်တစ်နှစ်စီချခံစေဖို့နဲ့ ကျန်တစ်ဦးကိုတော့ ပုဒ်မ၅၀၅(က)ကနေ တရားသေလွတ်ဖို့ ဗိုလ်တစ်ထောင်တရားရုံးကဒီကနေ့ အမိန့်ချလိုက်တာလည်းဖြစ်ပါတယ်။ကနဦး မရမ်းကုန်းတရားရုံးမှာအမိန့်ချမှတ်ခံခဲ့ရတဲ့ (၅)ဦးကတော့ ယခင်ချမှတ်ခံခဲ့ရတဲ့ ထောင်ဒဏ်နဲ့ အခုထပ်မံချမှတ်တဲ့ထောင်ဒဏ်ကို သီးခြားကျခံရမှာဖြစ်တယ်လို့ဆိုပါတယ်။

“ ဒီကနေ့ကျွန်တော်တို့ကို ဗိုလ်တစ်ထောင်တရားရုံးကနေ ပုဒ်မ ၅၀၅(က)နဲ့တစ်နှစ်ချတယ်။ အဲဒီအတွက်ချတဲ့ပြစ်ဒဏ်ကိုကျွန်တော်တို့ လုံးဝအသိအမှတ်မပြုဘူး။ တရားရုံးတွေက နိုင်ငံတော်ကိုကိုယ်စားပြုတယ်။ နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ တရားရုံးတွေက ပြည်သူကိုမျက်နှာမမူဘဲ စစ်တပ်ကို မျက်နှာမူပြီးချတဲ့အမိန့်လို့ ကျွန်တော်တို့မြင်တယ်” ဆိုပြီး ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇေယျာလွင်က ရုံးချိန်းအပြီးမှာ မီဒီယာတွေကိုပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ သကြန်ကာလအတွင်းဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ သံချပ်ထိုးလိုက်လံဖျော်ဖြေရာမှာ စာသားများက တပ်မတော်၏ဂုဏ်သရေကိုညှိုးနွမ်း‌စေတယ်ဟုဆိုကာ တရားစွဲဆိုခံခဲ့ရတာလည်းဖြစ်ပါတယ်။ ထပ်မံပြီးတော့လည်း ပုသိမ်နဲ့ ဖျာပုံမြို့နယ်တရားရုံးတို့မှာ တရားစွဲဆိုခံထားရပြီး ဆက်လက်တရားရင်ဆိုင်ကြရအုံးမှာလည်းဖြစ်ပါတယ်။  


က္က