အမှုကို ရက်ပေါင်း ၉၀အတွင်း အပြီးသတ်စစ်ဆေးမယ်လို့ တရားသူကြီးကပြောပါတယ်။
Ye Yint Htay

ဒီနေ့ မရမ်းကုန်းတရားရုံးမှာ ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ရဲ့အမှုကိုစစ်ဆေးခဲ့ရာမှာ တရားလိုပြသက်သေတစ်ဦးရဲ့ထွက်ဆိုချက်က အဖြစ်မှန်နဲ့ကွဲလွဲမှုရှိနေဟု တရားခံရှေ့နေ့ ဦးအောင်ကြည်ဝင်းကပြောပါတယ်။

ခရစ်ယာန်တရားဟောဆရာ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ(၂၅)နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ဇွန်လ(၈)ရက်နေ့ (ယနေ့)မနက်ပိုင်းကစတင်ကာ အမှုကိုကြားနာစစ်ဆေးခဲ့တာပါ။ တရားစွဲခံထားရသူ နှစ်ဦးကို အင်းစိန်ထောင်မှာ ချုပ်နှောင်ထားတာဖြစ်ပြီး ဇွန်လ(၃)ရက်နေ့က မရမ်းကုန်းမြို့နယ်တရားရုံးမှာ နှစ်ဦးစလုံးအတွက် အာမခံလျှောက်တင်ခဲ့ပေမယ့် ပယ်ချခံခဲ့ရကာ ဒီနေ့မှာတော့ တရားလိုပြသက်သေတစ်ဦးကို စတင်စစ်ဆေးခဲ့တယ်လို့သိရပါတယ်။ 

"ဒီနေ့ကတော့ တရားလိုပြသက်စေတစ်ဦးတည်းကို စစ်တာပါ။ စစ်တဲ့အခါမှာ သူကတော့ သူ့တိုင်ချက်ပါအတိုင်း ဒေးဗစ်လားတို့ကဧပြီ ၇ရက်နေ့ ညနေပိုင်းမှာ လူစုလူဝေးလုပ်တယ်ဆိုပြီးတင်ပြတယ်။ ဒါပေမယ့် ဒေးဗစ်လားက ဧပြီ ၅ရက်နေ့ ညနေကတည်းက ရောဂါအခြေအနေပေါ်လာလို့ အိမ်ထဲကလုံးဝမထွက်တော့ဘူး။တရားလိုတင်ပြတဲ့ ၇ ရက်နေ့ဆိုတာက လွဲသွားပြီ ဖြစ်တယ်" လို့ ဦးအောင်ကြည်ဝင်းက မီဒီယာတွေကိုပြောပါတယ်။ တရားလိုပြသက်သေရဲ့ထွက်ဆိုချက် ကွဲလွဲမှုရှိခဲ့တာကို မရမ်းကုန်းမြို့နယ်တရားသူကြီး ဦးမိုးဆွေကလည်းအတည်ပြုခဲ့ပေမယ့် တရားစွဲဆိုထားတဲ့ပုဒ်မကိုပြောင်းလဲမှာမဟုတ်ဘူးလို့ပြောပါတယ်။

 

“ဒီအမှုမှာ တင်ပြချက်တွေကွဲလွဲမှုတွေနဲ့ ပတ်သက်လို့ ပုဒ်မပြောင်းလဲလျှောက်ထားမှုရှိလားဆိုတာမှာ ဒီကနေ့မှာတော့ ဘယ်သူကမှပုဒ်မပြောင်းလျှောက်ထားတာမရှိပါဘူး။ အမှုကိုလည်း အလျှင်အမြန်ဆောင်ရွက်ရမယ့် ရာဇဝတ်အမှု အမျိုးအစားအဖြစ် သတ်မှတ်ထားလို့ ရက်ပေါင်း (၉၀)အတွင်းမှာ အပြီးစစ်ဆေးနိုင်ရန် လျာထားတယ်” လို့ မရမ်းကုန်းမြို့နယ် တရားသူကြီး ဦးမိုးဆွေက မီဒီယာတွေကိုပြောပါတယ်။ COVID -19 ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ခဲ့တဲ့ စောဒေးဗစ်လားအပါအဝင် (၄)ဦးကို အမှုဖွင့်အရေးယူထားတာဖြစ်ပြီး ဦးစောဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ကိုတော့ မရမ်းကုန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဦးစောဒေးဗစ်လားနဲ့ဦးဝေထွန်းတို့ကို တရားစွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ(၂၅)က သုံးနှစ်ထက်မပိုတဲ့ထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်ရပ်စလုံးကျခံရနိုင်တယ်လို့လည်းသိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


က္က