loading...

loading...

loading...

ကျန်းမာရေးအခြေအနေကတော့ကောင်းမွန်တယ်လို့သိရ
Mi Thawdar Aung

အသက် ၂၆ နှစ်အရွယ်ရှိ မြန်မာအမျိုးသားတစ်ဦးဟာ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ တာဝန်ထမ်းဆောင်နေစဉ် COVID-19 ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ဆေးကုသမှုခံယူခဲ့ပြီးတဲ့နောက် ရောဂါပိုးမတွေ့ရှိတော့ဘဲ မြန်မာနိုင်ငံကို ပြန်လာခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

Photo- AFP

ဒီနေ့ မတ်လ ၁၈ ရက် ည ၈ နာရီက ထုတ်ပြန်ခဲ့တာဖြစ်ပြီး အဲဒီအမျိုးသားကို ဖေဖော်ဝါရီ ၂၅ ရက်နေ့က COVID-19 ရောဂါပိုးတွေ့ရှိခဲ့လို့ ဂျပန်နိုင်ငံ Fujita Health University ရဲ့ Okazaki Medical Center မှာ စစ်ဆေးကုသမှုခံယူပြီးတဲ့နောက် ဖေဖော်ဝါရီ ၂၈ ရက်နဲ့ မတ်လ ၁ ရက်နေ့တို့မှာ ရောဂါပိုး မတွေ့ရှိရတာကြောင်းနဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားဟာ မတ်လ ၁၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပြီး ရောဂါစတင်အတည်ပြုခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်ကနေ မတ် ၁၇ ရက်အထိ စုစုပေါင်း ၂၂ ရက်ကြာမြင့်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိမှာတော့ ရောဂါလက္ခဏာ တစ်စုံတစ်ရာ မတွေ့ရပေမယ့် ဝေဘာဂီဆေးရံမှာ စောင့်ကြည့်လူနာအဖြစ် ထားရှိပြီး ဓာတ်ခွဲနမူနာကိုစစ်ဆေးထားတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါ အမျိုးသားရဲ့ ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်နေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မတ်လ ၁၇ ရက်နေ့တစ်ရက်တည်းမှာ COVID-19 စောင့်ကြည့်လူနာ (၃) ဦးသေဆုံးခဲ့ပြီး အဆိုပါ သေဆုံးလူနာတွေဟာ အခြားရောဂါအခံတွေနဲ့ သေဆုံးရတာဖြစ်တယ်လို့ ကနဦးစစ်ဆေးချက်တွေအရသိရကြောင်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားပါတယ်။

သေဆုံးလူနာ (၃) ဦးမှာ မကွေးတိုင်း၊ပြည်သူ့ဆေးရုံကြီးက အသက် (၉) လအရွယ် ကလေးတစ်ဥိး၊ ကျိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံက အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးနဲ့ ရန်ကုန်တိုင်း မြောက်ဥက္ကလာပ သင်ကြားရေးနှင့်အထွေထွေရောဂါကု ဆေးရုံကြီးက အသက် (၄၀) အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြပါတယ်။

သေဆုံးလူနာ (၁) 

အသက် (၉) လအရွယ်ကလေးမှာ မကွေးတိုင်း၊မြို့သစ်မြို့နယ်ကဖြစ်ပြီး အဲဒီကလေးဟာ မတ်လ ၁၃ ရက်ကစတင်ကာ အန်ပြီး ဝမ်းလျှောတာ၊ အပြင်းဖျားပြီးမှိန်းတာ စတဲ့ လက္ခဏာတွေ ခံစားရလို့ပြင်ပဆေးခန်းတစ်ခုကနေ တောင်တွင်းကြီးဆေးရုံကတစ်ဆင့် မကွေးပြည်သူ့ဆေးရုံကြီးမှာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကုသပေးခဲ့ရာ သေဆုံးသွားတာပါ။

ကနဦးသုံးချက်အရတော့ လူနာသေဆုံးရတာဟာ ဝမ်းပျက်ဝမ်းလျှောတာကို စောစောစီးစီးမကုသတဲ့အပြင် ရေဓာတ်ခမ်းခြောက်ပြီးသွေးပေါင်ချိန်ကျဆင်းကာ သေဆုံးရတယ်လို့သိရပြီး ဓာတ်ခွဲနမူနာကိုတော့ စစ်ဆေးထားဆဲဖြစ်ပါတယ်။

သေဆုံးလူနာ (၂) 

ကျိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံက အသက် ၃၀ အရွယ် အမျိုးသားကတော့ ရှမ်းပြည်နယ် မိုင်းဖြတ်မြို့နယ်က ဖြစ်ပြီး မတ်လ ၁၀ ရက်ကစတင်ကာ ဖျားနာ၊ချောင်းဆိုး၊သွေးပါ ရောဂါလက္ခဏာတွေ ခံစားရလို့ မတ်လ ၁၄ ရက်မှာ အတွင်းလူနာအဖြစ် ကုသပေးနေရာမှာ မတ်လ ၁၇ ရက် ည ၉ နာရီခွဲမှာ သေဆုံးသွားခဲ့တာပါ။

ကနဦးသုံးသပ်ချက်နဲ့ စစ်ဆေးချက်တွေအရ လူနာသေဆုံးရတဲ့ အကြောင်းကတော့ နာတာရှည် ရောဂါအခံဖြစ်သော နှလုံးကြီးခြင်း၊ သွေးတွင်း သကြားဓာတ်အလွန်အမင်းမြင့်မားခြင်း နှင့် သွေးတွင်းပိုတက်စီယမ်ဓာတ် အလွန်အမင်းကျဆင်းခြင်းတို့အပြင် အဆုတ်ရောင် ခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် သေဆုံးရခြင်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။ 

သေဆုံးလူနာ (၃) 

ရန်ကုန်တိုင်း မြောက်ဥက္ကလာပ သင်ကြားရေးနှင့်အထွေထွေရောဂါကု ဆေးရုံကြီးက အသက် (၄၀) အရွယ် အမျိုးသားကတော့ မင်္ဂလာဒုံမြို့နယ်မှာ နေထိုင်တဲ့ မတ်လ ၁၂ ရက်က ဖျားနာချာင်းဆိုးခြင်း၊ အသက်ရှူ ခက်ခဲခြင်း စတဲ့ လက္ခဏာတွေနဲ့ စောင့်ကြည့် လူနာအဖြစ်သတ်မှတ်ကုသပေးနေစဉ် သေဆုံးသွားခဲ့တာပါ။

လူနာ သေဆုံးရတာက သွေးတွင်း သွေးဖြူဥ အလွန်အမင်းမြင့်မားပြီး သွေးဆိပ်တက်ခြင်းနှင့် အဆုတ်ရောင် ခြင်း လက္ခဏာများကြောင့် သေဆုံးရခြင်းဖြစ်နိုင်ကြောင်း ကနဦးသုံးသပ်ထားပြီးဓာတ်ခွဲနမူနာကို စစ်ဆေးရာမှာတော့ COVID-19 ရောဂါပိုး မတွေ့ရှိရဘူးလို့ ဆိုပါတယ်။

ကျန်ရှိတဲ့ သေဆုံးလူနာ (၂) ဦးရဲ့ ဓာတ်ခွဲအဖြေတွေကိုတော့ အချိန်နဲ့တစ်ပြေးညီထုတ်ပြန်ပေးသွားမယ်လို့လည်း သိရပါတယ်။

COVID-19 ရောဂါဖြစ်ပွားမှုများနေတဲ့ နိုင်ငံတွေက ပြန်ဝင်လာတဲ့ မြန်မာနိုင်ငံသားတွေကို စောင့်ကြည့်

မတ်လ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အီတလီနိုင်ငံမှ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား (၆) ဦး၊ စပိန်နိုင်ငံ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား (၁) ဦး၊ ပြင်သစ်နိုင်ငံမှ ပြန်လည်ရောက်ရှိ လာတဲ့ မြန်မာနိုင်ငံသား (၁) ဦး၊ စုစုပေါင်း (၈) ဦးတို့မှာ ဖျားခြင်းနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ (သို့မဟုတ်) COVID-19 ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့မှု ရာဇဝင်များ မရှိသော်လည်း ရောဂါဖြစ်ပွားမှု မြင့်မားလျက်ရှိသော နိုင်ငံများသို့သွားရောက်ခဲ့သည့် ရာဇဝင်ရှိသဖြင့် ဆေးရုံတွင် (၁၄) ရက်ခွဲခြားထားရှိပြီး အသွားအလာကန့်သတ်ခြင်း (Quarantine) ပြုလုပ်၍ စောင့်ကြပ် ကြည့်ရှုနေတယ်လို့သိရပါတယ်။

ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲလူနာများ 

ဒီနေ့ မတ်လ ၁၈ ရက် ညနေ ၆ နာရီအထိတော့ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ စောင့်ကြည့်လူနာ (၁၃) ဉီးရှိပြီး သူတို့ကို သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။


loading...

က္က