ရေယာဉ် (၂) စင်းမှာကဒ်နဲ့ပေးချေနိုင်အောင်စက်တွေတပ်ဆင်ထားပါတယ်။
Mi Thawdar Aung

Yangon Water Bus ရေယာဉ်စီးခတွေကို KBZ Pay,CB Pay အစရှိတဲ့ Payment စနစ်တွေအပြင် ဗီဇာကဒ်၊ မာစတာကဒ် စတဲ့ ကဒ်စနစ်နဲ့ ပါ ငွေပေးချေနိုင်တော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကနေ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ ပြေးဆွဲဖို့ ပြည်ပကနေ ရေယာဉ်သစ် (၆) စင်းဝယ်ယူထားပြီး ရေယာဉ် (၂) စင်းမှာတော့ Payment စနစ်နဲ့ ငွေပေးချေတဲ့စက်တွေကို တပ်ဆင်ထားပြီး ဖြစ်တယ်လို့ YRTA အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။

နိုဝင်ဘာ (၂၀) ရက်က ပြုလုပ်ခဲ့တဲ့ YRTA ရဲ့ နှစ်ပတ်တစ်ကြိမ် မီဒီယာရှင်းလင်းတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာပါ။

“ ရန်ကုန်မှာ ပြေးဆွဲဖို့ ယာဉ်သစ် (၆)စင်းဝယ်ယူထားပါတယ်။ (၂) စင်းမှာတော့ ကဒ်စနစ်တွေနဲ့ ငွေပေးလို့ရအောင်စက်တွေ တပ်ဆင်ထားပြီးပြီ။ (၄) စင်းမှာ တပ်ဆင်ဖို့ ကျန်နေသေးတယ်လို့ သက်ဆိုင်ရာ ကုမ္ပဏီက ကျွန်တော်တို့ဆီကို အကြောင်းကြားထားပါတယ်” လို့ YRTAအတွင်းရေးမှူး ဦးလှအောင်က ဆိုပါတယ်။

စက်တွေ တပ်ဆင်တာတွေ၊ ရေယာဉ်ပြင်ဆင်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရက်ပေါင်း (၂၅) ရက်ခန့်ကြာမှာ ဖြစ်ပြီး ပြင်ဆင်မှုတွေ ပြီးရင်တော့ ရေယာဉ်တွေ ပြန်လည်ပြေးဆွဲတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြည်တွင်းက ထုတ်ထားတဲ့ Water bus ရေယာဉ် (၇) စီးနဲ့ ပြည်ပက ထုတ်တဲ့ ရေယာဉ် (၃) စီး၊ စုစုပေါင်း ရေယာဉ် (၁၀) စင်းကို ဧရာဝတီတိုင်းအတွင်းမှာ ဆက်လက်ပြေးဆွဲသွားမယ်လို့လည်း YRTA ကနေ သိရပါတယ်။

Yangon Water Bus ရေယာဉ်တွေကို ၂၀၁၇ ခုနှစ် အောက်တိုဘာလက စတင်ပြေးဆွဲခဲ့ပြီး ရေယာဉ်တွေ၊ ဆိပ်ကမ်းတွေကို ပြုပြင်ရန်၊ ငမိုးရိပ်ချောင်းဆိပ်ကမ်း ဆောက်လုပ်ခွင့်ရရှိရန်၊ သံလျင်ဆိပ်ကမ်း ပြုပြင်တည်ဆောက်ရန်၊ ရေယာဉ်သစ်တွေတင်သွင်းရန်နဲ့ ငွေပေးချေစနစ်သစ်အတွက် စက်တွေ တပ်ဆင်ရန် ဆိုပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလကနေ အောက်တိုဘာ ၃၀ ရက်နေ့အထိ ရေယာဉ်ပြေးဆွဲမှုတွေ ယာယီရပ်နားမယ်ဆိုပြီး ကြေညာထားခဲ့ပါတယ်။


က္က