ခိုင်လုံတဲ့အကြောင်းပြချက်မရှိဟုဆိုကာ တရားရုံးကပယ်ချခဲ့တာပါ။
ဗစ်တိုရီးယားလေးကို တရားခွင်မှာ စစ်ဆေးခဲ့စဉ်က  ဗစ်တိုရီးယားထွက်ဆိုချက်တွေဟာ တရားခံအောင်ကြီးလို့ယူဆရတဲ့ အချက်တွေမရှိတာကြောင့် အောင်ကြီးရဲ့ရှေ့နေတွေက အောင်ကြီးအတွက် အာမခံရရှိဖို့လျှောက်ထားခဲ့ပေမယ့်လည်း ဒီကနေ့ရုံးချိန်းမှာတော့ အောင်ကြီးအတွက်အာမခံကို တရားရုံးက ပယ်ချလိုက်ပါတယ်။ 

နေပြည်တော်က ဗစ်တိုရီးယားအမှုနဲ့ပတ်သက်ပြီး ဒီကနေ့ (၉)ကြိမ်မြောက်ရုံးချိန်းမှာတော့ အောင်ကြီးအတွက်အာမခံရရှိဖို့ကို တရားရုံးကပယ်ချခံလိုက်တယ်လို့ ရုံးချိန်းအပြီးမှာ သိရပါတယ်။

 “ အောင်ကြီးအတွက်အာမခံမပေးပါဘူး။ မပေးတာကတော့ တရားသူကြီးရဲ့ဆုံးဖြတ်ချက်က အမှုရဲ့အရည်အသွေးကို ကြိုတင်ပြီးဆုံးဖြတ်ရမှာဖြစ်တဲ့အတွက်ကြောင့်” လို့ အောင်ကြီးရဲ့ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။ 

သားဖြစ်သူ အာမခံမရတဲ့အတွက် အောင်ကြီးရဲ့မိခင် ဒေါ်ရီကလည်း တရားရုံးထဲက ငိုယိုပြီး ထွက်လာတာ မြင်တွေ့ရပါတယ်။

“ ခံစားရတာ ရင်တောင် ခွဲပြချင်တယ်။ အဓိက က အန်တီ့သားက တရားခံမဟုတ်ဘူးလေ။ အခုလို အာမခံလျှောက်ထားတာတောင်ပယ်ချခံရတယ်ဆိုတော့ တော်တော်လေးခံစားရပါတယ်။ ဒီနေ့ထွက်ဆိုသွားတဲ့ဆရာမကလည်း သူတို့ရင်ခွင်ထဲမှာကလေးက ရှိနေတယ်။ အန်တီ့သားက ဆိုဖာမှာထိုင်နေတာကိုလည်း သူတို့မြင်ရတယ်လို့ပြောတယ်။ဒီခုံကနေ အန်တီ့သားက ဘယ်မှလည်းမရွှေ့ဘူး၊ ဘယ်မှလည်းထမသွားဘူးလို့ ဆရာမတစ်ဦးကလည်း ဒီနေ့ထွက်ဆိုသွားတယ်” လို့ အောင်ကြီးရဲ့မိခင်က တရားခွင်အပြီးမှာပြောပါတယ်။ 

အောင်ကြီးအတွက်အာမခံကိုတော့ တရားခံဘက်ကို အာမခံပေးနိုင်တဲ့ခိုင်လုံတဲ့ အကြောင်းပြချက်မရှိတာကြောင့် တရားရုံးက အာမခံကိုပယ်ချခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ဒီကနေ့ ရုံးချိန်းမှာတော့ Wisdom Hill ကျောင်းက ဆရာမနှစ်ဦးနဲ့အတူ တရားရုံးက CCTV Hard disk ယူလာခိုင်းတာကို Computer System Box မှားယူလာတဲ့ CCTV တာဝန်ခံတို့ကိုစစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။ ဗစ်တိုရီးယားလေးကို တရားခွင်မှာ စစ်ဆေးခဲ့စဉ်က  ဗစ်တိုးရီးယားထွက်ဆိုချက်တွေဟာ တရားခံအောင်ကြီးလို့ယူဆရတဲ့ အချက်တွေမရှိတာကြောင့် အောင်ကြီးရဲ့ရှေ့နေတွေက အောင်ကြီးအတွက် အာမခံရရှိဖို့လျှောက်ထားခဲ့ပေမယ့်လည်း ဒီကနေ့ရုံးချိန်းမှာတော့ အောင်ကြီးအတွက် အာမခံမရရှိနိုင်ကြောင်းတရားရုံးကဆုံးဖြတ်ခဲ့ပါတယ်။ ဗစ်တိုးရီးယားအမှုရဲ့ (၁၀)ကြိမ်မြောက်ရုံးချိန်းကိုတော့ နိုဝင်ဘာလ(၆)ရက်နေ့မှာ ဆောင်ရွက်သွားမှာပါ။



က္က