Mi Thawdar Aung

လိင်အကြမ်းဖက်ခံရတဲ့ မူကြိုကျောင်းသူ ဗစ်တိုးရီးယား လေး ပြောဆိုထားတဲ့ ဗီဒီယိုင်ဖိုင်တစ်ခုကို ဖခင်ဖြစ်သူက ဒီကနေ့ သြဂုတ်လ ၁၄ ရက်နေ့ (၄)  ကြိမ်မြောက်ရုံးချိန်းမှာ ရုံးတော်ကို သက်သေတင်သွင်းလိုက်တယ်လို့  သိရပါတယ်။

သံသယတရားခံ အောင်ကြီးရှေ့နေဒေါ်စုဒါလီမှ မီဒီယာများအား ဖြေကြားစဉ်။

တင်သွင်းခဲ့တဲ့ ဗီဒီယိုဖိုင်မှာ “  ကိုကိုဓာတ်ပုံ၊ ညီညီဓာတ်ပုံ၊ ကိုကိုနဲ့ ညီညီပူးတွဲရိုက်ထားတဲ့ ဓာတ်ပုံ၊ ဆရာမနှင်းနု ဓာတ်ပုံနဲ့ အောင်ကြီးဓာတ်ပုံဆိုပြီး ဓာတ်ပုံ ၅ ပုံကို ချပြထားပါတယ်။ အဲဒီအခါမှာ ကိုကိုနဲ့ ညီညီပုံကို တွေ့တဲ့အခါမှာ မီးမီးကိုသူတို့လုပ်တာ ဖေဖေသူတို့ကို ခြေထောက်နဲ့ ထကန် “ ဆိုပြီး ဗစ်တိုရီးယားက ပြောကြားခဲ့ကြောင်း သံသယတရားခံအောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီက ပြောပါတယ်။

“ အောင်ကြီးကို မသိဘူးလို့ပြောတယ်။ မီးမီးကိုလုပ်တာ ကိုကိုနဲ့ ညီညီလို့ ပြောတယ်။ သူ့ကို သတ်ပစ်ချင်တယ်ဆိုပြီးတော့ ခဲတဲတွေဘာတွေနဲ့ထိုးတယ်။ ဖေဖေ ခြေထောက်နဲ့ ကန်ပေး ဆိုပြီးတော့ ပြောတယ်။ ဗီဒီယိုဖိုင်ထဲမှာ အဲဒါေတွေ တွေ့ရတယ်။ တီချယ်နှင်းနုရဲ့ ဓာတ်ပုံကို ရွေးခိုင်းတော့လည်း ဒါ တီချယ်နှင်းနုလေလို့ ပြောပြီး တီချယ်နှင်းနုက မီးမီးကို ဆူတဲ့အထဲမှာ ပါတယ်ဆိုပြီး ပြောတယ် ” လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီက တရားရုံးက အထွက်မှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။

အဆိုပါ ဗီဒီယိုဖိုင်ကို ရုံးတော်ကို သက်သေအဖြစ်တင်သွင်းရာမှာ ရုံးတော်က ယခင် တင်ခဲ့တဲ့ သက်သေဗီဒီယိုဖိုင်နဲ့ အတူ သိမ်းဆည်းခဲ့တယ်လို့ အောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ဆိုပါတယ်။

ဒီနေ့ ရုံးချိန်းမှာတော့ ဗစ်တိုရီးယား ဖခင်နဲ့ အဖွားဖြစ်သူကို နှစ်ဖက်ရှေ့နေတွေက အပြန်အလှန်စစ်ဆေးမေးမြန်းခဲ့ပြီး (၅)  ကြိမ်မြောက်ရုံးချိန်းကို သြဂုတ်လ ၂၈ ရက်နေ့ ထပ်မံချိန်းဆိုခဲ့ကာ ဖခင်နဲ့ အဖွားဖြစ်သူကိုပဲ ထပ်မံစစ်ဆေးသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရုံးချိန်းတုန်းက ဆရာမနှင်းနုကို နောက်တိုးတရားခံအဖြစ် ဗစ်တိုးရီးယားရဲ့ မိခင်ဖြစ်သူက တင်သွင်းခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က