(၄)ဦးစစ်မေးဖို့ရှိရာမှာ တစ်ဦးပယ်ချခံခဲ့ရတာပါ။

တရားဟောဆရာဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ရဲ့ (၄)ကြိမ်မြောက်ရုံးထုတ်စစ်ဆေးခြင်းကို ဒီကနေ့ဇွန်လ (၁၈)ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံးမှာ ဆောင်ရွက်ခဲ့ပါတယ်။ 

ဒီကနေ့ ရုံးချိန်းမှာ ကျန်ရှိတဲ့ တရားလိုပြသက်သေ (၇)ဦးထဲက (၄)ဦးကို စစ်ဆေးဖို့လျာထားခဲ့တာပါ။ တရားခွင်မှာ စစ်မေးရာမှာတော့ တရားလိုပြ သက်သေ (၄)ဦးထဲက (၁)ဦးပယ်ချခံခဲ့ရတာကြောင့် တရားလိုပြ သက်သေ (၃)ဦးကိုသာ စစ်မေးနိုင်ခဲ့ပါတယ်။



“ ဒီနေ့က တရားလိုပြသက်သေတွေဖြစ်တဲ့ ဆရာဝန်တစ်ဦးနဲ့ တီးခတ်သူ (၂)ဦးတို့ကို စစ်မေးခဲ့ပါတယ်။ နောက်ထပ်တရားလိုပြသက်သေဦးဝင်းမင်းထွန်းကိုတော့ တရားလိုဘက်က လိုပြသက်သေအဖြစ်ကနေ ပယ်ခဲ့တဲ့အတွက် (၁)ဦးကိုတော့ စစ်မေးခြင်းမရှိခဲ့ပါဘူး” လို့ မရမ်းကုန်းမြို့နယ် တရားသူကြီး ဦးမိုးဆွေက မီဒီယာတွေကိုပြောပါတယ်။

ဒီကနေ့ ဇွန်လ ၁၈ ရက်မှာ တရားဟောဆရာ ဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ကို ရုံးထုတ်လာစဉ်။

တရားလိုသက်သေတစ်ဦးကို ပယ်ချတဲ့အကြောင်းအရင်းနဲ့ ဒီကနေ့ တရားခွင်မှာ စစ်မေးတဲ့အကြောင်းအရာတွေကိုတော့ အမှုရဲ့ အရည်အသွေးနဲ့ သက်ဆိုင်နေတာကြောင့် တာဝန်ရှိသူတွေအနေနဲ့ဖြေကြားခဲ့ခြင်းမရှိခဲ့ပါဘူး။

တရားဟောဆရာဒေးဗစ်လားတို့ အမှုမှာ တရားလိုပြသက်သေ (၁၄)ဦးထိတင်ထားပြီး (၄)ကြိမ်မြောက်ရုံးချိန်းပြီးတဲ့အထိ (၁၀)ဦးကို စစ်ဆေးခဲ့ပြီးပါပြီ။ (၁)ဦးက လိုပြသက်သေကနေ ပယ်ချခံခဲ့ခဲ့ရတာကြောင့် နောက်ထပ်တရားလိုပြသက်သေတွေထဲက (၃)ဦးကိုသာစစ်မေးရန်ကျန်ရှိနေပါတော့တယ်။

ကျန်တဲ့ လိုပြ သက်သေ(၃)ဦးလုံးကိုလည်း နောက်ရုံးချိန်းမှာ အပြီးစစ်ဆေးသွားမယ်လို့သိရပါတယ်။ ဒေးဗစ်လားနဲ့ ဦးဝေထွန်းတို့ရဲ့ (၅)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခြင်းကိုတော့ ဇွန်လ (၂၃)ရက်နေ့ကို ချိန်းဆိုထားပါတယ်။ ဒီအမှုကိုတော့ ရက်ပေါင်း (၉၀)အတွင်းအပြီးသတ်စစ်ဆေးမယ်လို့လည်း မရမ်းကုန်းမြို့နယ်တရားသူကြီးဦးမိုးဆွေက ပြောကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က