ဇူလိုင်လအတွင်းမှာယာဉ်မတော်တဆမှုပေါင်း ၅၀ ကျော်ဖြစ်ပွားခဲ့ပါတယ်။

ဒီကနေ့ သြဂုတ်လ ၃ ရက်မနက်ပိုင်းမှာ အမြန်လမ်းမှာ ယာဉ်တိုက်မှုကြောင့် လူ ၆ ဦးသေဆုံးခဲ့တယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ဒီကနေ့ မနက် ၇ နာရီ မိနစ် ၅၀ နဲ့ မနက် ၈ နာရီ ကြား ၁၀ မိနစ်အတွင်း (၃) ကြိမ်ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါလာသူ (၅) ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကတော့ ဒီကနေ့မနက် ၇ နာရီ မိနစ် ၅၀ အချိန်မှာရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၇၆ မိုင်အနီးမှာ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာမှာ ယာဉ်ပေါ်ပါ (၆) ဦးထဲက အမျိုးသား (၁) ဦးနဲ့ အမျိုးသမီး (၁) ဦး စုစုပေါင်း (၂) ဦးမှာ အခင်းဖြစ်ပွားတဲ့နေရာမှာပဲ သေဆုံးသွားခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။



Photo-Myanmar Fire Services Dept

ဒါ့အပြင် မနက် ၈ နာရီအချိန်မှာပဲ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ ၃၃၆ မိုင်အနီးမှာ ယာဉ်တစ်စီး လမ်းချော်ပြီး လမ်းလယ်ကျွန်းကို ကျော်တက်ကာ ဘယ်ရီယာတုံးတွေကို ဝင်တိုက်ခဲ့လို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့်လည်း ယာဉ်ပေါ်ပါလာသူ (၆) ဦးအနက် အမျိုးသား (၁) ဦးနဲ့ အမျိုးသမီး (၂) ဦး စုစုပေါင်း (၃) ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူ (၃) ဦးဟာ ယာဉ်မောင်းတစ်ဦး၊အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ၁၈ နှစ်အရွယ်အမျိုးသမီးတို့ဖြစ်ကြတယ်လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့တာဝန်ရှိသူက Duwun ကိုပြောပါတယ်။

“ အများအားဖြင့် မိုးရာသီဆို ကားတွေက စလစ်ဖြစ်တာများတယ်။ ဒီနေ့ မနက်ကလည်း အမြန်လမ်းမှာ တောက်လျှောက်မိုးရွာနေတော့ ယာဉ်မောင်းတွေက မထိန်းနိုင်တော့ဘဲ အရှိန်လွန်ပြီး တစ်ဖက်ယာဉ်ကြောကို ရောက်သွားတယ်။ ဇူလိုင်လထဲမှာဆိုရင် ယာဉ်မတော်တဆမှု တွေက အခြားလတွေထက် ယာဉ်မတော်တဆမှု နှစ်ဆလောက်များတယ်”လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ သြဂုတ်လ ၃ ရက် မနက် ၂ နာရီခန့်မှာလည်း မိုင်တိုင်အမှတ် ၃၂၈ မိုင်အနီးမှာ လမ်းဖြတ်ကူးလာသူတစ်ဦး ကားတိုက်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့တာကြောင့် ဒီကနေ့ မနက်ပိုင်းအတွင်း အမြန်လမ်းမှာ သေဆုံးသူ ၆ ဦးအထိ ရှိလာခဲ့တယ်လို့လည်း အမြန်လမ်းမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက အမြန်လမ်းမှာ ယာဉ်မတော်တဆမှုပေါင်း ၅၀ ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၄ဦးနဲ့ ဒဏ်ရာရရှိသူ ၆၀ ကျော်အထိ ရှိခဲ့ရာ တစ်ခြား လတွေနဲ့ နှိုင်းယှဉ်ရင် ယာဉ်မတော်တမှုပေါင်း နှစ်ဆနီးပါး မြင့်တက်ခဲ့ပါတယ်။

Share

Loading Next Article...
က္က