ဘင်္ဂလားဒေရှ့်ကခိုးဝင်လာသူ ၂၅ ဦးအထိ ရှိနေပါပြီ။
Mi Thawdar Aung

ဒီနေ့ည ၈ နာရီမှာ ထုတ်ပြန်ခဲ့တဲ့ လူနာအမှတ် ၂၉၃ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရခိုင်ပြည်နယ်ထဲ ခိုးဝင်လာသူဖြစ်ပြီး မိခင်ဖြစ်သူရဲ့ သတင်းပေးတိုင်ကြားချက်အရ မောင်တောမြို့နယ်အထွက်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက Duwun ကို ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၂၁ ရက်နေ့တုန်းက လူနာအမှတ် ၂၉၃ အပါအဝင် ၆ ဦးဟာ ဘင်္ဂလားဒေရှ့်ဘက်ကနေ ရခိုင်ပြည်နယ် မောင်တောနယ်စပ်ကို ဝင်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“ ဒီနေ့ တွေ့ခဲ့တဲ့ လူနာကို သူ့အမေက သတင်းပေးလို့ ဖမ်းမိတာပါ။ သူ့အမေက သူ့သား ဘူးသီးတောင်ကို ပြန်လာမယ့် အကြောင်း အုပ်ချုပ်ရေးမှူးတွေကို ဖုန်းဆက်အကြောင်းကြားတယ်။ ကျွန်တော်တို့ အဲဒီ သတင်းရရချင်း လိုက်ဖမ်းတော့ မောင်တောမြို့ အထွက်မှာပဲ ဖမ်းမိတယ်” လို့ ဦးစိုးအောင်က ဆိုပါတယ်။

လူနာအမှတ် ၂၉၃ နဲ့ အတူ ဘင်္ဂလားဒေရှ့်က ဝင်လာသူ ၅ ဦးကိုတော့ ဇွန်လ ၂၃ ရက်မှာ ဖမ်းဆီးမိခဲ့ပြီး ကွာရန်တင်းလုပ်ထားသလို သူတို့ကို လိုက်ပို့ခဲ့တဲ့ ယာဉ်မောင်းနဲ့ ဆိုင်ကယ်ကယ်ရီသမားတို့ကိုလည်း ကွာရန်တင်းလုပ်ထားခဲ့ပြီး အားလုံးကို ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ရာမှာ လူနာအမှတ် ၂၉၃ ဦးမှာ ပဲ ရောဂါပိုးတွေ့ရှိတာပါ။

ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းကနေ ရခိုင်ပြည်နယ် နယ်စပ်ဘက်ကို ခိုးဝင်လာသူဟာ မေလကုန်ပိုင်းကနေ လက်ရှိအချိန်အထိ ၂၅ ဦးအထိ ရှိနေခဲ့ပြီလို့လည်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။ ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၂၄ ရက် ည ၈ နာရီအထိ ထုတ်ပြန်ချက်အရ ဘင်္ဂလားဒေ့ရှ်ကဝင်လာသူတွေထဲကနေ ၉ ဦးမှာ ရောဂါပိုးတွေ့ထားပြီး မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ စစ်တွေမြို့နယ်တို့က ဆေးရုံတွေမှာ ဆေးကုသမှုခံယူနေခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ


က္က