လက်ရှိရောဂါကူးစက်ခံရသူ ထက်ဝက်ခန့်ဟာ အင်းစိန်ဘာသာရေးပွဲနဲ့ ဆက်စပ်သူတွေ ဖြစ်ပါတယ်။
Mi Thawdar Aung

ဒီနေ့ ဧပြီလ ၂၃ ရက် ည ၈ နာရီထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းမှာတွေ့ရှိခဲ့တဲ့ လူနာ ၄ ဦးစလုံးဟာ အင်းစိန်ဘာသာရေးပွဲနဲ့ ဆက်စပ်သူတွေ ဖြစ်နေတယ်လို့ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေက Duwun ကို အတည်ပြုပြောဆိုပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားရာမှာ ရန်ကုန်တိုင်းမှာ ၄ ဦး၊ မန္တလေးတိုင်းမှာ ၁ ဦး COVID-19 ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းက လူနာ ၄ ဦးမှာ အင်းစိန်မြို့နယ်က ၂ ဦး၊ တောင်ဥက္ကလာပမြို့နယ်က ၁ ဦးနဲ့သာကေတမြို့နယ်တို့က ၁ ဦးတို့ ဖြစ်ပါတယ်။

အင်းစိန်မြို့နယ်က လူနာ၂ ဦး အနက် လူနာအမှတ် ၁၃၀ မှာ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး လူနာနံပါတ် ၉၄ ရဲ့ မိသားစုဝင်တွေ ဖြစ်တယ်လို့ အင်းစိန်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်က လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။ လူနာနံပါတ် ၁၃၁ ကတော့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး မရမ်းကုန်း၊ ခဝဲခြံမှာနေထိုင်တဲ့ သေဆုံးသူ လူနာအမှတ် ၈၆ နဲ့ လူနာနံပါတ် ၁၀၅ တို့နဲ့ အတူနေမိသားစုဝင်ဖြစ်တယ်လို့ဆိုပါတယ်။

လူနာအမှတ် ၁၂၉ ကတော့ သာကေတမြို့နယ်က အသက် ၃၁ နှစ်အရွယ် အမျိုးသမီးဖြစ်ကာ အဆိုတော်နီတာရဲ့ မိသားစုဝင်တွေထဲက တစ်ဦးဖြစ်တယ်လို့ သာကေတမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝေဖြိုးအောင်က Duwun ကိုပြောပါတယ်။ “ဒီနေ့ တွေ့ခဲ့တဲ့ လူနာက အဆိုတော်နီတာ Case 84 ရဲ့ Contact ပါပဲ။ လက်ရှိ အမရာဆောင်မှာ Quarantine ဝင်နေတဲ့သူပေါ့။ ပြောရမယ်ဆိုရင် Case 122 ကိုနေဗလရဲ့ အမျိုးသမီးပါ။” လို့ သာကေတမြို့နယ် လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

လက်ရှိ အဆိုတော်နီတာနဲ့ ဆက်စပ်ပတ်သက်တဲ့ မိသားစုဝင် ၁၅ စလုံး Quarantine ဝင်နေပြီး ဓာတ်ခွဲစစစ်ဆေးခဲ့ရာမှာ နီတာရဲ့ ယောက်ဖတော်စပ်သူကိုနေဗလနဲ့ သူ့ရဲ့ အမျိုးသမီးတို့မှာ Positive တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တောင်ဥက္ကလာပမြို့နယ်က လူနာအမှတ် ၁၂၈ အသက် ၅၄ နှစ်အရွယ် အမျိုးသားမှာလည်း တရားဟောဆရာဒေးဗစ်လားတို့နဲ့ဆက်စပ်သူတွေဖြစ်နေပြီး ဘုရားကျောင်း နှစ်ကြိမ်တက်ခဲ့ဖူးသူဖြစ်တယ်လို့ တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စောနိုင်က Duwun ကိုပြောပါတယ်။

“ ဒီနေ့ တွေ့တဲ့ လူနာကတော့ ကျွန်တော်တို့ ရာဇဝင်မေးတော့ ဒေးဗစ်လားတို့လုပ်တဲ့ အခမ်းအနားကိုနှစ်ကြိမ်လောက်တက်ဖူးတယ်လို့ ပြောတယ်။ ဘာအခမ်းအနားလဲတော့ သေချာမသိသေးပါဘူး။ “ ဒေါက်တာစောနိုင်က ဆိုပါတယ်။ လက်ရှိ တောင်ဥက္ကလာပမြို့နယ်မှာ COVID-19 လူနာ ၁၃ဦး ရှိနေပြီး လူနာ ၁၁ ဦးကတော့ ၁၅ ရပ်ကွက်၊ ဇီဇဝါဥယျာဉ် အိမ်ယာမှာနေထိုင်သူတွေဖြစ်ကာ အင်းစိန်ဘာသာရေးအခမ်းအနားနဲ့ ဆက်စပ်သူတွေ ဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ပြောပြပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ၁၃၂ ဦးအထိရှိလာပြီး ရောဂါကူးစက်ခံရသူ ထက်ဝက်ခန့်ဟာ အင်းစိန်ဘာသာရေးပွဲအခမ်းအနားကတစ်ဆင့် ကူးစက်ခံရသူတွေ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က