N 95 Mask အုပ်ပြီးသွားလာကြဖို့သတိပေးထားပါတယ်။

အခုဒီဇင်ဘာလ တစ်လလုံးနီးပါး ရန်ကုန်မြို့ရဲ့ လေထုညစ်ညမ်းမှု အခြေအနေဟာ အနီရောင် အဆင့်ရှိနေပြီး သန်လျင်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တွေက လေထုညစ်ညမ်းမှု အဆိုးရွားဆုံး မြို့နယ်တွေ ဖြစ်တယ်လို့ Air Quality Yangon အဖွဲ့ကနေ သိရပါတယ်။

Photo- ရန်ကုန်မြို့မှာ ယာဉ်များသွားလာမှု များပြားနေသည့်မြင်ကွင်း

Air Quality Yangon အဖွဲ့ဟာ အလုံ၊ မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ လှိုင်သာယာနဲ့ သန်လျင်အစရှိတဲ့ မြို့နယ်တွေမှာ လေထုတိုင်းတာတဲ့စက်တွေကို ထားရှိပြီး နေ့စဉ် ရန်ကုန်မြို့ရဲ့ လေထုအခြေအနေတွေကို Air Quality Yangon ရဲ့ Facebook စာမျက်နှာနဲ့ https://www.cleanairmm.com/ ဝက်ဘ်ဆိုဒ်မှာ နေ့စဉ် ဖော်ပြပေးနေပါတယ်။

လေထုညစ်ညမ်းမှု အခြေအနေကို တိုင်းတာရာမှာ အဆင့် (၆) ဆင့်ရှိပြီး အဆင့် ၀ ကနေ ၅၀ အထိ (အစိမ်းရောင် အဆင့်) မှာ လေထုကောင်းမွန်တဲ့အခြေအနေဖြစ်ပြီး အဆင့် ၅၁ ကနေ ၁၀၀ အထိ (အဝါရောင် အဆင့်မှာ) သင့်တင့်တဲ့အနေအထားမှာ ရှိပါတယ်။

အဆင့် ၁၀၁ ကနေ ၁၅၀ အထိ (လိမ္မော်ရောင်အဆင့်)ကတော့ ခံနိုင်ရည်နည်းပါးတဲ့ အုပ်စုတွေအတွက် ကျန်းမာရေးကို ထိခိုက်စေပြီး အဆင့် ၁၅၁ ကနေ ၂၀၀ အထိ (အနီရောင်အဆင့်)ကတော့ ကျန်းမာရေးကို ထိခိုက်စေပါတယ်။

အဆင့် ၂၀၁ကနေ ၃၀၀ အထိ (ခရမ်းရောင်အဆင့်)ကတော့ ကျန်းမာရေးကို အလွန်ထိခိုက်စေပြီး အဆင့် ၃၀၁ ကနေ ၅၀၀ အထိ ဆိုရင်တော့ အရေးပေါ်သတိပေးချက် ထုတ်ပြန်ပေးရမယ့် အခြေအနေမှာ ရှိတယ်လို့သိရပါတယ်။

“ ကားရဲ့ အိပ်ဇော်ပိုက်က ထွက်တဲ့ အငွေ့တွေက လေထုညစ်ညမ်းမှုကို ဖြစ်စေတယ်။ လူတွေက ကားစီးတာကို လျှော့ချပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို ပိုပြီးသုံးသင့်ပါတယ်။ “ လို့ Air Quality Yangon အဖွဲ့မှ မသင်းရတီစုက Duwun ကိုပြောပါတယ်။

လက်ရှိ Air Quality Yangon အဖွဲ့အနေနဲ့ Dr. Air Bear ဆိုတဲ့ ဝက်ဝံရုပ်လေးနဲ့ အတူ အများပြည်သူနေရာတွေမှာ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်ပြီး သရုပ်ပြ ပညာပေးမှုတွေ ကို လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က