ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့တာပါ။

ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှာ ညွှန်ကြားရေးမှူးချုပ် အပါအဝင် ဒုညွန်ချုပ်နဲ့ ညွှန်ကြားရေးမှူး တွေကို သိန်း ငါးထောင်ကျော် အဂတိလိုက်စားမှု နဲ့ အရေးယူခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဧပြီလ ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ညွှန်ကြားရေးမှူးချုပ် ဦးထွန်းလွင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုဦး (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ငြိမ်း၊ အကြံပေး)၊ ညွှန်ကြားရေးမှူး ဦးသောင်းလွင် (ယခု ဒုတိယညွှန်ကြားရေးမှူးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူး (ယခု ညွှန်ကြားရေးမှူး)နဲ့ ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဝင်း တို့ကို အရေးယူခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုဘက်ဂျက်၊ ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့ ဘက်ဂျက်က ခွဲဝေချပေးထားတဲ့ လုပ်ငန်းရံပုံငွေတွေကို သုံးစွဲရာမှာ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ ၅ ဦးမှာ ၂၀၁၄ ခုနှစ် အတွင်းက တိုင်းဒေသကြီးနှင့်ပြည်နယ်ရုံးတို့ကနေ သိန်း ၂၃၀၀ ကျော်၊ ၂၀၁၅ခုနှစ်အတွင်းက တိုင်းနဲ့ ပြည်နယ်ရုံးကနေ သိန်း ၉၀၀ နီးပါး၊ ၂၀၁၇ ခုနှစ်အတွင်း တိုင်းနဲ့ ပြည်နယ်ရုံးက ၁၂၉၅ သိန်း၊ ၂၀၁၈ ခုနှစ်အတွင်း သိန်း ၈၁၀ တို့ကို လွှဲပြောင်းပေးပို့ခိုင်းခဲ့ပြီး လက်ခံခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။


ဒါကြောင့် ညွှန်ကြားရေးမှူးချုပ်အပါအဝင် ညွှန်ကြားရေးမှူး အဆင့်ရှိသူ ၃ ဦးကို  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိ မြို့မရဲစခန်းမှာ ဧပြီလ ၁၀ ရက်မှာ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က