အထက်တန်းကျောင်းမရှိတဲ့ နယ်မြို့ကကျောင်းသားကျောင်းသူတွေမှာအခက်အခဲဖြစ်နေရတာပါ။

ဘော်ဒါဆောင်နဲ့ အတူတွဲဖွင့်ထားတဲ့ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းတွေ၊ ဘော်ဒါဆောင်တွေနဲ့ ဘာသာရပ်ကိုယ်ပိုင်သင်တန်းကျောင်းတွေ ဖွင့်ခွင့်ရဖို့ ကိုဗစ်-၁၉ ထိန်းချုပ်ရေးဗဟိုကော်မတီ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ထံကို တင်ပြတောင်းဆိုသွားမယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်တွေအတိုင်း အပြည့်အဝလိုက်နာကာ ပြန်လည်ဖွင့်လှစ်ခွင့်ရဖို့ အခုလကုန်ပိုင်းလောက်မှာ တောင်းဆိုသွားမယ်လို့ ပုဂ္ဂလိက ပညာရေးကဏ္ဍဖွံဖြိုးမှုကွန်ရက်က ပြောလိုက်တာပါ။



လက်ရှိမှာ ကိုဗစ်ကော်မတီကနေ ဘော်ဒါဆောင်တွေနဲ့ ဘာသာရပ်သင်တန်းကျောင်းတွေကို ဖွင့်ခွင့်မပြုကြောင်း ဇူလိုင် ၁၄ ရက်က ကြေညာခဲ့ပြီးနောက် ဘော်ဒါဆောင်နဲ့ ဘာသာရပ်သင်တန်းကျောင်းဖွင့်လှစ်ထားသူတွေက ပြန်လည်ဖြေလျှော့ပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

ဘော်ဒါဆောင်တွေ ဖွင့်လှစ်ခွင့်မရတာကြောင့် အထက်တန်းကျောင်းမရှိတဲ့ ကျေးရွာ၊နယ်မြို့တွေမှာနေထိုင်ရတဲ့ ကျောင်းသား၊ကျောင်းသူအချို့မှာ မြို့ပေါ်ကို နေ့စဉ်ကျောင်းသွားတက်ဖို့ အခက်အခဲတွေ ဖြစ်နေရတယ်လို့ ပုဂ္ဂလိက ပညာရေးကဏ္ဍဖွံဖြိုးမှုကွန်ရက်က ပြန်ကြားရေးတာဝန်ခံဖြစ်သူ ကိုယ်ပိုင်သင်တန်းကျောင်းတည်ထောင်ထားသူ ဆရာ ဦးအောင်စိုးမိုးက Duwun ကိုပြောပါတယ်။

“ နယ်တွေမှာဆိုရင် အစိုးရကျောင်းတွေရှိတဲ့ မြို့ပေါ်က ကျောင်းတွေကို တက်ဖို့ အတွက် ဘော်ဒါဆောင်သီးသန့်နေရတယ်။ တစ်ချို့ကလေးတွေဆို မိုင် ၂၀၊၃၀ လောက်ဝေးတဲ့နေရာကနေ ကျောင်းလာတက်ရတယ်။ အခုအဆောင်တွေ ဖွင့်ခွင့်မရတော့ကလေးတွေက ကျောင်းကြီးတွေ မတက်နိုင်တော့ဘူး။သူတို့ကို လိုက်ပို့ဖို့လည်း မိဘတွေကအဆင်မပြေဘူး။ တစ်ချို့ မိဘတွေက ကိုယ့်ကလေးကို မြို့ပေါ်မှာ ကျောင်းရော၊ အဆောင်ရောထားဖို့ ပြင်ဆင်ထားတာတွေက အခုဖွင့်ခွင့်မရတော့ အခက်အခဲဖြစ်တာပေါ့” လို့ ဦးအောင်စိုးမိုးက ပြောပါတယ်။

အခုပညာသင်နှစ်မှာ ကိုဗစ်ကြောင့် ကျောင်းဖွင့်ချိန် ၅၁ ရက်နောက်ကျတဲ့အပြင်၊ စာသင်ချိန်ကလည်းတစ်ရက်ကို ၄ နာရီခန့်သာသတ်မှတ်ထားပြီး တစ်ချို့ ကျောင်းတွေမှာ အထက်တန်းကျောင်းသားတွေက တစ်ပတ်ကို ၂ ရက် ၊ ၃ ရက်ခန့်သာ တက်ရောက်ရတဲ့အတွက် စာသင်ချိန်တွေကလည်း လျော့နည်းသွားပြီဖြစ်ပါတယ်။

ဓာတ်ပုံ- မန္တလေးမြို့ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ကိုဗစ်ကာကွယ်ရေးအတွက် ပြင်ဆင်ထားစဉ်။

ဒါကြောင့် ကျောင်းသားကျောင်းသူတွေဟာ ဘာသာရပ်သင်ကိုယ်ပိုင် သင်တန်းကျောင်းတွေမှာ သင်ကြားဖို့လိုအပ်ပြီး ကိုဗစ်ကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီ ဖွင့်လှစ်ခွင့်ရရှိရေးကို တောင်းဆိုသွားမှာဖြစ်တယ်လို့ ဦးအောင်စိုးမိုးက ပြောပါတယ်။

“ စာသင်ချိန်တွေကလည်း နည်းသွားတယ်။ Home Learning လုပ်ဖို့ကလည်း တကယ်တမ်းတော့လက်တွေ့မှာ အဆင်မပြေနိုင်ဘူး။ ကျောင်းသားတွေက ကိုယ်ပိုင်သင်တန်းကျောင်းတွေကိုပဲ ပိုအားကိုးရမှာ။ ဒါကြောင့် ကျွန်တော်တို့က ဘော်ဒေါဆောင်တွေ၊ သင်တန်းကျောင်းတွေကို ပြန်ဖွင့်ဖို့ တောင်းဆိုတာပါ” လို့ ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ကတော့ ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းတွေကို ဘော်ဒါဆောင်မပါဘဲ ကျောင်းသီးသန့်ဆိုရင် ဖွင့်လှစ်ခွင့်ပြုထားတယ်လို့လည်း အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားထားဖူးပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဘော်ဒါဆောင်ဖွင့်လှစ်ထားတဲ့ ကိုယ်ပိုင် အထက်တန်းကျောင်းပေါင်း (၄၀၀) ကျော်ရှိပြီး ဘာသာရပ်သင်ကိုယ်ပိုင်သင်တန်းကျောင်းပေါင်းနဲ့ ဘော်ဒါဆောင် သိန်းနဲ့ချီရှိနေတယ်လို့ သိရပါတယ်။ မနက်ဖြန် ဇူလိုင် ၂၁ ရက်မှာတော့ အစိုးရအထက်တန်းကျောင်းပေါင်း (၅၆၀၀) ကျော်၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၃) ကျောင်းနဲ့ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်း (၁၀၀၀) ကို ဖွင့်လှစ်သင်ကြားတော့မှာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က