မိသားစုဝင်များနဲ့ မန္တလေးမြို့က တက်ကြွလှုပ်ရှားသူများကတော့ ရိုက်နှက်ခံရလို့ သေဆုံးတယ်လို့ ထင်မြင်ထားကြပါတယ်။

အကျဉ်းကျနေတဲ့ အောင်သပြေရွာသား ကိုထွန်းက အဖျားကြီးခြင်းနဲ့ အရက်ကြောင်ရောဂါကြောင့် သေဆုံးသွားရခြင်းဖြစ်တယ်လို့ ထောင်တာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသော်လည်း မိသားစုဝင်များနဲ့ မန္တလေးမြို့က တက်ကြွလှုပ်ရှားသူများကတော့ ရိုက်နှက်ခံရလို့ သေဆုံးတယ်လို့ ထင်မြင်ထားကြပါတယ်။

အောင်သပြေကျေးရွာဒေသခံ ကိုထွန်း(ခ)ကိုထွန်းမြင့်ဝင်းရဲ့ဈာပန



ဇွန်လ ၃ ရက်နေ့က မန္တလေးအကျဉ်းထောင်ကို ပို့ဆောင်ခံရပြီး ဇွန်လ ၅ ရက်နေ့မှာ သေဆုံးသွားခဲ့တဲ့ အောင်သပြေရွာသား သေဆုံးမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ဖို့အတွက် အားပေးဝန်းရံသွားမယ်လို့ မန္တလေးမြို့ကနိုင်ငံ ရေးတက်ကြွလှုပ်ရှားသူတချို့က ဆိုပါတယ်။

“မိသားစုမှာက တရားစွဲဖို့အခက်အခဲတွေရှိနေတယ်၊ အမှန်တရားပေါ်ပေါက်ဖို့ဆန္ဒရှိပေမယ့် တစ်ဖက်ကသူတို့အပေါ်ဖိအားပေးတာတွေရှိလာမှာကိုစိုးရိမ်နေကြတယ် ဒါကြောင့် မို့လို့ ကျွန်တော်တို့က အမှန်တရားပေါ်ပေါက်ဖို့ ဝန်းရံပေးသွားမှာပါ” လို့ မန္တလေးမြို့ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုစိုးမိုးနိုင်(ခ)ကိုဒိန်းဒေါင်က Duwun ကို ပြောပါတယ်။

အောင်သပြေရွာမှာ ဒီနေ့ (ဇွန်လ ၇ ရက်) ပြုလုပ်တဲ့ သေဆုံးသူ ကိုထွန်းရဲ့အသုဘအခမ်းအနားမှာ ၎င်းကပြောဆိုလိုက်တာဖြစ်ပြီး အခမ်းအနားမှာ ရွှေဝါရောင် သံဃာတော်တချို့နဲ့အတူ မန္တလေးမြို့က ဗကသကျောင်းသာတချို့၊ တောင်သူလယ်သမားအရေးလှုပ်ရှားသူများ အစရှိတဲ့နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေတက်ရောက်ခဲ့ကြတာကိုတွေ့ရပါတယ်။

အောင်သပြေကျေးရွာဒေသခံ ကိုထွန်း(ခ)ကိုထွန်းမြင့်ဝင်းရဲ့ဈာပန

မန္တလေး ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာဒေသခံကိုထွန်း(ခ)ကိုထွန်းမြင့်ဝင်းဆိုသူဟာ ဇွန်လ ၅ ရက်နေ့က မန္တလေးဗဟိုအကျဉ်းထောင်အတွင်းသေဆုံးသွားခဲ့တာမှာ ထောင်တာဝန်ရှိသူတွေဘက်ကတော့ အဖျားကြီးခြင်းနှင့်အရက်ကြောင်ခြင်းရောဂါကြောင့်သေဆုံးသွားခဲ့တာလို့သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမယ့်လည်း သေဆုံးသူရဲ့မိသားစုအပါအဝင် ဒီကိစ္စအရေးစိတ်ဝင်စားကြတဲ့မန္တလေးမြို့ကနိုင်ငံရေးလှုပ်ရှားတက်ကြွသူတချို့က ရိုက်နှက်ခံရလို့သေသွားခဲ့ တာလို့သုံးသပ်ပြောဆိုနေကြပါတယ်။

“အရက်ကြောင်ပြီးသေတာဆိုရင် ဘာဒဏ်ရာမှမရှိရဘူးလေ၊ ခုက ခန္ဓာကိုယ်၊ ခေါင်းပိုင်း၊ ဇက်ပိုးနဲ့ လည်ပင်းမှာ ဒဏ်ရာတွေတွေ့ထားရတယ်။ ဦးဇင်းတို့ကြားတာတော့ ထောင်ထဲမှာအရိုက်ခံရတယ်လို့ကြားထားပါတယ် ဒီကိစ္စအပေါ်ဦးဇင်းတို့က တစ်ခုခုတော့လုပ်သွားမှာပါ၊ တရားစွဲဖို့ပဲပြင်ဆင်နေပါတယ်” လို့ သေဆုံးသူရဲ့အစ်ကိုရင်းဖြစ်သူ ဦးဇင်းဦးဝိမလကိုမိန့်ပါတယ်။



အောင်သပြေကျေးရွာဒေသခံ ကိုထွန်း(ခ)ကိုထွန်းမြင့်ဝင်းရဲ့ဈာပန


ဒီြဖစ်စဉ်နဲ့ပတ်သက်လို့ မနေ့က မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရင်ခွဲရုံမှာ မန္တလေးဗဟိုအကျဉ်းထောင်တာဝန်ရှိသူနှစ်ဦးနဲ့တွေ့ဆုံမေးမြန်းကြည့်တာမှာတော့ ဖြေကြား ပေးဖို့ငြင်းဆိုခဲ့ပါတယ်။

သေဆုံးသူ ကိုထွန်း(ခ)ကိုထွန်းမြင့်ဝင်းကို ပြီးခဲ့တဲ့လ ၁၄ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အောင်သပြေကျေးရွာအနီး Alpha ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံဝင်းအတွင်း ကျူးကျော်ဝင်ရောက်မီးရှို့ဖျက်ဆီးမှုတွေနဲ့ ပုသိမ်ကြီးမြို့နယ်ရဲစခန်းက (ပ)၂၅၀/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၆/၄၄၀/၃၃၆/၁၁၄ တို့နဲ့တရားစွဲပြီး ဇွန်လ ၃ ရက်နေ့က မန္တလေးဗဟိုအကျဉ်း ထောင်ဆီပို့ဆောင်ခဲ့တာဖြစ်ကြောင်း၊ ၎င်းဟာအရက်ကြောင်ရောဂါခံစားနေရလို့ ဇွန်လ ၄ ရက်နေ့က အကျဉ်းထောင်ဆေးရုံကိုပို့ဆောင်ကုသမှုပေးခဲ့ ကြောင်း၊ ဇွန်လ ၅ ရက်မနက်ပိုင်းမှာတော့ အဲဒီရောဂါနဲ့ပဲသေဆုံးသွားခဲ့တာဖြစ်ကြောင်း မန္တလေးဗဟိုအကျဉ်းထောင်ဆီကသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က