စက်တင်ဘာ ၃ ရက် ည ၁၀ နာရီခွဲက သေဆုံးခဲ့တာဖြစ်ပါတယ်။

ဝေဘာဂီအထူးကုဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် ၄၆ နှစ်အရွယ် ကိုဗစ်-၁၉ ပိုးတွေ့လူနာတစ်ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီနေ့ မနက် ၈ နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

လူနာအမှတ် ၁၀၂၃ ဟာ ကျောက်ကပ်ရောဂါအခံရှိသူ တစ်ဦးလို့သိရပြီး မကြာခဏ ဆေးရုံမှာ ဆေးကုသမှုခံယူနေရသူတစ်ဦးဖြစ်တယ်လို့ သန်လျင်မြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာ မြကြေးမုံက Duwun ကိုပြောပါတယ်။ “ရောဂါအခံရှိတော့ ဆေးရုံ မကြာခဏတက်ရတယ်။ ဒီတစ်ခေါက်လည်း ကျောက်ကပ်ပြဖို့ သင်္ဃန်းကျွန်းစံပြဆေးရုံမှာ တက်နေတာပါ။ ဆေးရုံတက်နေရင်း ကိုဗစ်သံသယလက္ခဏာလည်းတွေ့လို့ စောင့်ကြည့်ကုသနေတာပါ”လို့ ဒေါက်တာမြကြေးမုံက ဆိုပါတယ်။



လူနာအမှတ် ၁၀၂၃ က အသက် ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး သန်လျင်မြို့နယ်မှာ နေထိုင်သူတစ်ဦးဖြစ်ပါတယ်။ သင်္ဃန်းကျွန်းစံပြဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူနေရင်း ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက် သတင်းထုတ်ပြန်ပါတယ်။

ပိုးတွေ့ခဲ့တာကြောင့် ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူနေရင်း လူနာအမှတ် ၁၀၂၃ ဟာ အရေပြားလေးဖက်နာ ရောဂါအခံရှိတဲ့အပြင် ကျောက်ကပ်ပျက်စီးတာလည်း နောက်ဆုံးအဆင့် ရောက်နေပြီး ရုတ်တရက် နှလုံးစည်းချက်မမှန်ဖြစ်ကာ နှလုံးအမောဖောက်ခြင်းကြောင့် စက်တင်ဘာလ ၃ ရက် ည ၁၀ နာရီခွဲမှာ သေဆုံးသွားခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ စက်တင်ဘာ ၄ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၁၃၃ ဦးရှိပြီး သေဆုံးသူ ၇ ဦးအထိ ရှိလာပြီလို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က