ပိုးတွေ့လူနာတွေ များပြားလာပြီး ဆေးရုံတွေမှာ လူနာတွေ ပြည့်နေတာကြောင့် အခုလို စီစဉ်ရတာလို့ ဆိုပါတယ်။

ရောဂါလက္ခဏာမပြတဲ့ ကိုဗစ်-၁၉ပိုးတွေ့လူနာတွေကို ကွာရန်တင်းစင်တာတွေမှာပဲ ထားရှိကုသပေးတော့မှာဖြစ်ပြီး လူနာ တစ်ထောင်ခန့် ထားရှိနိုင်ဖို့ စီစဉ်ထားတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦးက ပြောလိုက်ပါတယ်။

လက်ရှိမှာ လက္ခဏာမပြတဲ့ ပိုးတွေ့လူနာ (၃၀၀) ကျော်ကို ဒဂုံဆိပ်ကမ်းမြို့နယ်က ရိုးမရိပ်သာကွာရန်တင်းစင်တာမှာ ကုသပေးနေပြီး နေရာပြည့်တော့မှာဖြစ်လို့ လှိုင်ရိပ်သာကွာရန်တင်းစင်တာနဲ့ သုဝဏ္ဏမြက်ခင်းတုမှာ ပြင်ဆင်နေတဲ့ ယာယီဆေးရုံ (Hospital Tent) နေရာတွေကိုလည်း ပို့ဆောင်ကုသမယ်လို့ ဆိုပါတယ်။



ဓာတ်ပုံ- သုဝဏ္ဏအားကစားကွင်းကို ယာယီဆေးရုံအဖြစ် ပြင်ဆင်နေစဉ်။

" အခုလောလောဆယ် ဒဂုံဆိပ်ကမ်းမြို့နယ် ရိုးမရိပ်သာ Housing မှာ လူနာတွေ ပို့ထားတာ ၃၀၀ ကျော်နေပြီ။ အဲဒီလူနာတွေက ကွာရန်တင်းနေရာကနေ ပိုးတွေ့တဲ့သူတွေ၊ ရောဂါလက္ခဏာမရှိတဲ့သူတွေပါ။ အဲဒီမှာလည်း ပြည့်လုနီးပါးဖြစ်သွားတော့ လှိုင်ရိပ်သာ ကွာရန်တင်းစင်တာကို အခု Positive လူနာထားဖို့ ပြင်ဆင်နေပြီ။ အဲဒီမှာ လူ ၄၀၀ လောက် ဆန့်မယ်လို့ မှန်းရတယ်။ ”လို့ ဒေါက်တာမော်မော်ဦးက Duwun ကိုပြောပါတယ်။

ဒ့ါအပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော် လှူဒါန်းတဲ့ သုဝဏ္ဏမြက်ခင်းတုက ရွက်ဖျင်တဲတွေနဲ့ တည်ဆောက်နေတဲ့ ယာယီဆေးရုံ ((Hospital Tent) မှာလည်း Positive လူနာတွေပဲထားရှိကုသမယ်လို့ဆိုပါတယ်။ အခုကစပြီး ရောဂါလက္ခဏာမပြတဲ့ပိုးတွေ့လူနာတွေကို ကွာရန်တင်းစင်တာတွေ၊ ရွက်ဖျင်တဲတွေနဲ့ တည်ဆောက်ထားတဲ့ ယာယီဆေးရုံတွေမှာသာ ထားရှိကုသတော့မှာဖြစ်ပြီး ရောဂါလက္ခဏာပြတဲ့သူတွေ၊ ရောဂါပြင်းထန်တဲ့သူတွေကိုတော့ ဖောင်ကြီး ကိုဗစ်-၁၉ ကုသရေးစင်တာ၊ မြောက်ဥက္ကလာဝေဘာဂီဆေးရုံနဲ့ တောင်ဥက္ကလာပဆေးရုံတို့မှာ ကုသပေးဖို့ စီစဉ်နေတယ်လို့လည်းသိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ရောဂါတွေ့ရှိမှုနှုန်းက တစ်ရက်ကို ပျှမ်းမျ ၂၀၀ ဦးခန့် ရောဂါပိုးတွေ့ရှိနေတာဖြစ်ပြီး လက်ရှိနှုန်းအတိုင်းဆိုရင်တော့ ကုသဖို့ နေရာလုံလောက်မှာ ဖြစ်ပေမယ့် ပိုးတွေ့လူနာ ၅၀၀ ကနေ ၁၀၀၀ ကြား အထိ မြင့်တက်လာမယ်ဆိုရင်တော့ ထိန်းချုပ်နိုင်မှာမဟုတ်သလို ကုသဖို့ နေရာတွေလည်းရှိတော့မှာမဟုတ်ဘူးလို့ ဒေါက်တာမော်မော်ဦးက သုံးသပ်ပါတယ်။

“ အခုကတစ်နေ့ကို ပျှမ်းမျှ လူနာက ၂၀၀ လောက်တက်တယ်။ နေ့တိုင်း ၂၀၀ လောက်ပဲဆိုရင် ဆေးရုံဆင်းသွားတဲ့လူနာနဲ့ တက်လာမယ့်လူနာက ညှိလို့ရတယ်။ အဲဒီလိုမှမဟုတ်ဘဲ အိန္ဒိယလိုနိုင်ငံတွေမှာလိုတစ်နေ့ကို ရာနဲ့ချီ၊ ထောင်နဲ့ချီ ဖြစ်သွားရင်တော့ အကုန်လုံးဒုက္ခရောက်လိမ့်မယ်”လို့ ပါမောက္ခဌာနမှူး ဒေါက်တာမော်မော်ဦးက Duwun ကိုပြောပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်တဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူ သုံးသောင်းခွဲကျော်ရှိနေပြီး ဆေးရုံတွေမှာ စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူနေသူကတော့ ကိုးထောင်ကျော်ရှိနေတယ်လို့လည်းသိရပါတယ်။

စက်တင်ဘာ (၁၄) ရက် မနက် (၈)နာရီအထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃,၀၁၅ ဦး၊ သေဆုံးသူ ၂၆ ဦးနဲ့ ဆေးရုံကဆင်းသူ ၆၉၉ ဦးရှိနေတယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က