အခုနှစ် လက်ရှိအချိန်ထိ ဧရာဝတီလင်းပိုင် ၅ ကောင်သေဆုံးခဲ့ပါတယ်။

ဧရာဝတီလင်းပိုင်တွေ ဖမ်းဆီးသတ်ဖြတ်မှုမခံရအောင် ထိန်းသိမ်းရေးလုပ်ငန်းတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားတော့မယ်လို့ မန္တလေးတိုင်း၊ ငါးလုပ်ငန်းဦးစီးဌာနကနေ သိရပါတယ်။

လတ်တလောမှာ ဧရာဝတီလင်းပိုင်တွေ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ ဘက်ထရီရှော့တိုက်ဖမ်းဆီးခံရတာ စတဲ့ဖြစ်စဉ်တွေရှိနေတာကြောင့် ရှားပါးဧရာဝတီလင်းပိုင်တွေကို ဖမ်းဆီးတာတွေ မလုပ်ဖို့ ပညာပေးတာ၊ ကင်းလှည့်စောင့်ကြည့်တာနဲ့ အရေးယူတာ စတဲ့ လုပ်ငန်းတွေကို ပုံမှန်ထက် နှစ်ဆတိုးပြီး လုပ်ဆောင်မယ်လို့ မန္တလေးတိုင်း၊ ငါးလုပ်ငန်းဦးစီးဌာန၊ ညွန်ကြားရေးမှူး ဦးပေါ်လွင်က Duwun ကို ပြောပါတယ်။



“ ပုံမှန်လည်း ကင်းလှည့်တာ၊ပညာပေးတာလုပ်နေတယ်။ အခု ဒီထက် နှစ်ဆတိုးပြီးလုပ်နေတယ်။ WCS- မြန်မာ (သားဌက်ထိန်းသိမ်းရေးအဖွဲ့) နဲ့လည်းပေါင်းပြီး လုပ်ဖို့ စီမံချက်လည်း ရောက်နေပြီ။ ရေကြောင်းရဲဌာနလည်း ပါလာပြီဆိုတော့ ထိန်းသိမ်းရေးလုပ်ငန်းတွေပိုပြီးတော့ လုပ်ရတာ ထိရောက်မှာပါ။ ” လို့ ဦးပေါ်လွင်က ဆိုပါတယ်။ 

Photo-WCS Myanmar (ဘက်ထရီလျှော့တိုက်ခံရပြီးသေဆုံးသွားသည့် ဧရာဝတီလင်းပိုင်တစ်ကောင် တွေ့ရစဉ်။)

ဧရာဝတီလင်းပိုင်တွေကို ဖမ်းဆီးခြင်းမပြုဘဲ ဆက်လက်ထိန်းသိမ်းကြဖို့ မြစ်ကြောင်းတစ်လျှောက်မှာ ဆိုင်းဘုတ်တွေကပ်တာ၊ ရွာတွေမှာ ပညာပေးဟောပြောပွဲတွေလုပ်တာ စတဲ့ ပညာပေးအစီအစဉ်တွေကို တိုးမြှင့်ဆောင်ရွက်သွားမှာပါ။ ဒါ့အပြင် ရေကြောင်းရဲဌာန၊ ငါးလုပ်ငန်းဦးစီးဌာန သားဌက်ထိန်းသိမ်းရေးအဖွဲ့ (WCS-Myanmar) စတဲ့ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး လိုက်လံ ကင်းလှည့်စောင့်ကြည့်တာတွေကိုလည်း ပုံမှန်ထက် အကြိမ်ရေများများလုပ်သွားဖို့ ရှိတယ်လို့သိရပါတယ်။

ဧရာဝတီလင်းပိုင်တွေကို ရှားပါးမျိုးစိတ်အဖြစ် သတ်မှတ်ကာ ဖမ်းဆီးခြင်းမပြုဖို့ တားမြစ်ထားပြီး အကယ်လို့ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ် ၃ သိန်း ကျခံစေဖို့ ဥပေဒအရ အရေးယူနိုင်မှာဖြစ်ပါတယ်။

“ ထောင်ဒဏ်ချနိုင်တဲ့ ဥပဒေရှိပေမယ့် လင်းပိုင်တွေကို ဖမ်းမိတဲ့အခါမှာ ဖမ်းဆီးတဲ့သူကို မမိဘူးဖြစ်နေတယ်။ ပစ္စည်းတွေပဲ တွေ့တာများတယ်။လင်းပိုင်အများစုကတော့ ဘက်ထရီရှော့တိုက်ဖမ်းဆီးခံရပြီးတော့ သေတာများတယ်။ “ လို့ ဦးပေါ်လွင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဧရာဝတီလင်းပိုင်သားပေါက်တစ်ကောင်ကို သတ်ဖြတ်ပြီး Zin Ko Tun အမည်ရှိ အကောင့်ပိုင်ရှင်က လူမှုကွန်ရက်ပေါ်တင်ထားခဲ့တာကြောင့် ရှားပါးဧရာဝတီလင်းပိုင်ကို သတ်ဖြတ်ခဲ့သူကို အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ လည်း သိရပါတယ်။ ဒီဖြစ်စဉ်ဖြစ်ပွားပြီး ဧရာဝတီလင်းပိုင်တွေကို ဖမ်းဆီးသတ်ဖြတ်ခြင်းမပြုဖို့၊ ဆက်လက်ထိန်းသိမ်းကြဖို့ ဆိုပြီးလူမှုကွန်ရက်ပေါ်မှာ ဝေဖန်ပြောဆိုမှုတွေ မြင့်တက်လျှက်ရှိနေပါတယ်။

၂၀၂၀ ခုနှစ် အတွင်း ကောက်ခံထားတဲ့အချက်အလက်တွေအရ မန္တလေးကနေ ကချင်ပြည်နယ်ဗန်းမော်အထိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ ဧရာဝတီလင်းပိုင် ၇၉ ကောင်ခန့်ရှိတဲ့အနက် လက်ရှိအချိန်ထိ ငါးကောင်သေဆုံးခဲ့ပြီလို့လည်း (WCS-Myanmar) ကနေ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က