မန္တလေးမြို့၊ အမရပူရမြို့နယ် စစ်ကိုင်း-မန္တလေးလမ်းမှာ ဧရာဝတီမြစ်ရေ ရေဆိုးထုတ်မြောင်းကျိုးပေါက်ပြီး အနီးအနားရပ်ကွက်တွေက အိမ်ထောင်စုပေါင်း ၁၄၀၀ကျော်၊ လူ ၄၀၀၀ ကျော်ဟာ ညတွင်းချင်း ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်စတင်ကာ ရေဂဲရေထိန်းတံခါးအနီး တာရိုးမှာ တဖြည်းဖြည်းရေစိမ့်ဝင်လာပြီး ရေဂလိုင်ပေါက်ဖြစ်ကာ ကျိုးပေါက်မှုဖြစ်ပွားခဲ့တာကြောင့် မြစ်ရေအနီးက ပွဲတော်ကျေးရွာ၊ ကျန်တန်းကျေးရွာ၊ ဆားချက်ကျေးရွာ၊ ပေါက်ပေါက်တန်းကျေးရွာ၊ယဉ်တော်ကျေးရွာ၊ မှန်တတန်းတိုးချဲ့ ရပ်ကွက်တွေမှာ ရေကြီးမှု ဖြစ်ခဲ့တာပါ။
အိမ်ခြေပေါင်း ၁၄၇၈ အိမ်၊ လူဦးရေ ၄၁၄၃ ၊ အိမ်ထောင်စုပေါင်း ၁၄၄၈တို့ကို ရပ်ကွက်ဓမ္မာရုံ၊ ဘုရားဝင်း၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းတွေစတဲ့ ကယ်ဆယ်ရေးနေရာ ၁၄ ခုကို ရွှေ့ပြောင်းပေးခဲ့ရတာပါ။
“မနေ့ကတော့ အိမ်ခြေ ၁၄၀၀ ကျော်၊ လူဦးရေ ၄၀၀၀ ကျော်ကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရတယ်။ ပြောင်းရွှေ့ရမယ့် လူဦးရေက ဒီထက်ပိုပြီးတော့လည်း များလာဦးမယ်။ အခုလည်း ရပ်ကွက်တွေထဲကို ရေတွေ ခါးလောက်ဝင်နေတယ်” လို့ အမရပူရမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက Duwun ကိုပြောပါတယ်။
ရေတွေ အဆက်မပြတ်စီးဝင်လာမှုကြောင့် မန္တလေး-စစ်ကိုင်းသွားတဲ့လမ်းဘက်ခြမ်း မြေနိမ့်ကျွံဝင်သွား တယ်လု့ိလည်း ဇူလိုင် ၁၉ ရက် ည ၁၂နာရီဝန်းကျင်လောက်က မြေပြင်မှာသတင်းသွားယူနေတဲ့ မန္တလေးမြို့ခံ Duwun သတင်းထောက်က ပြောပြပါတယ်။
လက်ရှိရေတွေဟာ ရပ်ကွက်တွေထဲကို ငါးပေ၊ ခြောက်ပေခန့်အထိ မြင့်တက်လာပြီး ထပ်ပြီးတော့လည်း မြင့်တက်လာနိုင်ဖွယ်ရှိသေးတယ်လို့လည်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
ဒီကနေ့မနက်မှာတော့ တာရိုးကျိုးတဲ့နေရာကို ဆည်မြောင်းဦးစီးဌာနက ပြန်လည်ပြင်ဆင်မှုတွေ လုပ်နေပြီး ရေစီးမသန်အောင် ကျောက်အိမ်တွေ ချနေပြီလို့လည်း လူကယ်ပြန်ဝန်ကြီးက ဆိုပါတယ်။
ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့နေထိုင်ကြတဲ့သူတွေကိုလည်း ကိုဗစ်ကာလဖြစ်တဲ့အတွက် နီးနီးကပ်ကပ်မနေအောင် အထူးသတိပေးခဲ့ပြီးနှာခေါင်းစည်းတွေ၊ လက်ဆေးဆပ်ပြာတွေအပြင်ငွေကြေးထောက်ပံ့မှုတွေလုပ်ခဲ့သေးတယ်လို့လည်း လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
အခင်းဖြစ်နေရာကို မန္တလေးမြို့တော်ဝန် ဦးရဲလွင်၊ တပ်မတော်တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း လာရောက်ဆောင်ရွက်ပေးနေပြီး မီးသတ်တပ်ဖွဲ့နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေ တစ်ညလုံးနီးပါး ဆောင်ရွက်ပေးခဲ့ကြပါတယ်။
ဒီကနေ့ ဇူလိုင်လ ၂၀ ရက်မနက် ၇ နာရီမှာတော့ စိုးရိမ်ရတဲ့အခြေအနေမရှိတော့ဘဲ ရေဝင်နေတဲ့ ရွာတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး ကူညီကယ်ဆယ်ပြောင်းရွှေ့ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။