၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ လမ်းအဆင်မြှင့်တင်မှု ပြီးစီးအောင်ဆောင်ရွက်မယ်
Mi Thawdar Aung

ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းအတွင်းရှိ လမ်းတွေကို သဘာဝဘေးဒဏ်ခံနိုင်ပြီး ရာသီမရွေး အသုံးပြုနိုင်တဲ့ လမ်းတွေ ဖြစ်လာဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကနေ အမေရိကန်ဒေါ်လာ ၅၁ ဒဿမ ၂ သန်း ထောက်ပံ့ပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အတွင်းက ကျေးရွာလမ်းတစ်ခုကို မြင်တွေ့ရစဉ်။

အဆိုပါ တိုင်းဒေသကြီး နှစ်ခုအတွင်းက ကျေးရွာပေါင်း (၁၅၀) ကို ဖြတ်သန်းထားပြီး (၁၅၂) ကီလိုမီတာ ရှည်လျားတဲ့ ကျေးလက်လမ်းကို ကျောက်ချောလမ်း အဖြစ်အဆင့် မြှင့်တင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ ရည်ရွယ်ထားပြီး စီမံကိန်း စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၅၂ ဒဿမ ၄၁ သန်းဖြစ်တာကြောင့် အစိုးရကနေ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂၁ သန်းအကုန်ကျခံရမှာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းက တခြားတိုင်းတွေနဲ့ မတူဘူး။ မြစ်ချောင်းတွေက များတော့ မြေသားတွေ ပျော့တယ်။ လမ်းတွေ ဖောက်တယ်။ မိုးရာသီကျရင် ပြန်ပျက်စီးတာမျိုးတွေ ရှိတယ်။ လမ်းတွေ အနေအထားအရ မြေသားက ပျော့တော့ ပြင်ထိန်းတွေ လုပ်ရတာများတယ်။ အခု ADB က ကူညီမယ်ဆိုတာကို အကြမ်းဖျင်းသိထားရပါတယ်။ " ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းက Duwun ကိုပြောပါတယ်။

အစိုးရအနေနဲ့ လာမယ့် ၂၀၃၀ ခုနှစ်မှာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ကျေးရွာလမ်းအားလုံးကို အဆင်မြှင့်တင်သွားမယ်လို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

“ဒီစီမံကိန်းဟာ ဧရာဝတီနဲ့ မကွေးတိုင်းအတွင်း မြို့နယ်လေးမြို့နယ်က ကျေးလက်နေပြည်သူတွေ ရာသီဥတုဒဏ်ကြံ့ကြံ့ခံနိုင်တဲ့ လမ်းတွေကို အသုံးပြုနိုင်တော့မှာပါ။ ပြည်သူတွေအနေနဲ့ ပိုကောင်းတဲ့ဈေးကွက်၊ ပိုသာတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို လက်လှမ်းမီလာနိုင်စေမှာ ဖြစ်တယ်” လို့ ADB ၏ အရှေ့တောင်အာရှဒေသ လမ်းပန်းဆိုင်ရာပို့ဆောင်ရေး ကျွမ်းကျင်သူ မစ္စတာ Shihiru Date က ပြောကြောင်း ADB ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧရာဝတီတိုင်း ဖျာပုံမြို့နယ်အတွင်းက ကျေးရွာလမ်းတစ်ခုကို မြင်တွေ့ရစဉ်။

အဆိုပါ လမ်းပိုင်း အဆင့်မြှင့်တင်ပြီးရင် ကားနဲ့ သွားလာတဲ့ကြာချိန်ကို အနည်းဆုံး ၁၈ မိနစ်ထိ လျော့ကျစေမှာဖြစ်ပြီး ရေလွှမ်းမိုးမှုဒဏ်၊ အခြားသဘာဝဘေးဒဏ်တွေကို ခံနိုင်ရည်ရှိအောင် ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

ကျေးလက်ဒေသတွေ လက်လှမ်းမီမှုဆိုင်ရာအညွှန်းကိန်းပါ အချက်အလက်တွေအရ အာရှဒေသမှာ မြန်မာနိုင်ငံဟာ ကျေးလက်လမ်းတွေ ဆက်သွယ်နိုင်မှုနှုန်း အနိမ့်ဆုံးနိုင်ငံထဲမှာ ပါဝင်နေပြီး ကျေးလက်လူဦးရေ ရဲ့ ၄၀ ရာခိုင်နှုန်းခန့်သာ ရာသီမရွေးမပျက်စီးတဲ့လမ်းတွေကို အသုံးပြုနိုင်သေးတယ်လို့ ဆိုပါတယ်။

ADB ရဲ့ လေ့လာချက်အရ မြန်မာနိုင်ငံရဲ့ ပြည်သူ လေးသန်းကျော်အတွက် လမ်းတွေဖောက်လုပ်ပေးဖို့ လိုအပ်နေသေးပြီး ပြည်သူ ၁၀ သန်းကျော်က လမ်းအဆက်အသွယ်ရရှိနေပေမယ့် မိုးတွင်းကာလမှာ အသုံးမပြုနိုင်သေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံမှာ ကျေးလက်လမ်းကွန်ရက် ၉၅,၀၀၀ ကီလိုမီတာရှိတဲ့ အနက် (၆) ရာခိုင်နှုန်းသာ အချောလမ်း ခင်းထားပေးနိုင်ပြီး (၂၈) ရာခိုင်နှုန်းမှာ ကျောက်စရစ်လမ်း (သို့မဟုတ်) ကျောက်လမ်း အဆင့်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။


က္က