တရုတ်သမ္မတရဲ့ဖိတ်ကြားချက်အရ သွားရောက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပေကျင်းမြို့မှာ ကျင်းပပြုလုပ်မယ့် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို တက်ရောက်ဖို့ ဧပြီ ၂၄ ရက်နေ့ မနက် ၇ နာရီလောက်ကထွက်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။

Photo - Myanmar State Counsellor Office



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့မှာကျင်းပမယ့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ တက်ရောက်မှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်သမ္မတနဲ့ တွေ့ဆုံစဉ်မှာ မြစ်ဆုံအရေးကိစ္စနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးဖွယ်ရှိနေပါတယ်။ လတ်တလောမှာ ပြည်သူတွေအကြားမှာ မြစ်ဆုံဆည်ကို တရုတ်ကုမ္ပဏီထံမှ ပြန်ရွေးဖို့ လှုပ်ရှားမှုတွေပြုလုပ်နေချိန်လည်း ဖြစ်ပါတယ်။

Photo - Myanmar State Counsellor Office

တရုတ်နိုင်ငံ ခရီးစဉ်အပြီးမှာ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက် အာခါ မိုဟာဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဦးကျော်တင်၊ ဒုတိယဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်ထူး၊ ဦးဆက်အောင်တို့လည်း လိုက်ပါသွားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး Website မှာဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က