ငွေကြေး ၃ သိန်းတောင်းခံခဲ့တယ်ဆိုပြီး တိုင်ကြားခဲ့တာပါ။

နှစ်လုံး၊သုံးလုံး (ချဲထီ) ရောင်းချနေတယ်လို့ ဆိုပြီး ဝင်ရောက်ဖမ်းဆီးကာ ငွေကြေးတောင်းခံခဲ့တဲ့ ကိုးတောင်ဘို့ ရဲကင်းမှူး ရဲအုပ်မင်းသန့်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူလိုက်တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဇူလိုင် ၁၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Photo- ACC



စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ ကျေးရွာအုပ်စု၊ ပိတောက်ခုံရပ်မှာ ငွေစုခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် နှစ်လုံး၊ သုံးလုံး (ချဲထီ) ရောင်းသည်ဟုဆိုကာ ဝင်ရောက် ဖမ်းဆီးခဲ့ပြီး အမှုဖွင့် အရေးယူခဲ့သည့်ကိစ္စမှာ ငွေကြေး တောင်းခံရယူခဲ့သည့် ကိုးတောင်ဘို့ရဲကင်းမှူးအား အရေးယူပေးပါရန် ကော်မရှင်သို့ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရာ ရဲအုပ်မင်းသန့်မှာ ကိုးတောင်ဘို့ကျေးရွာ၊ ပိတောက်ခုံရပ်နေ တိုင်ကြားသူရဲ့ သမီးကို (၂)လုံးထီ ရောင်းချတယ်ဆိုပြီး ဖမ်းဆီးခဲ့တဲ့ အမှုမှာ အမှုကိစ္စ ကူညီပေးမယ်လို့ ပြောဆိုကာ တိုင်ကြားသူနဲ့ သားဖြစ်သူထံကနေ ၂၀၁၈ ခုနှစ် ဇူလိုင် ၂၆ ရက်မှာ ငွေကျပ် (၂) သိန်း၊ လက်ရေးမူ ဖျက်ပေးမယ်လို့ ပြောဆိုပြီး ၂၀၁၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့က တိုင်ကြားသူထံကနေ Wave Money က တစ်ဆင့် ငွေကျပ် (၁) သိန်း စုစုပေါင်း ငွေကျပ် ၃ သိန်း တောင်းခံခဲ့တယ်လို့ သိရပါတယ်။

ရာထူးကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှု ကျုးလွန်ခဲ့တာကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင်း ရဲအုပ် မင်းသန့် (လ ၁၉၉၄၁၄) (လက်ရှိ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်နယ်မြေရဲစခန်း) မှာ တာဝန်ထမ်းဆောင်နေသူကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့မရဲစခန်းမှာ ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က