သြဂုတ်လ(၂၃)ရက်နေ့က လာရောက်အပ်နှံခဲ့တာပါ။
Ei Ei Htun

မိခင်ထံမှ မွေးကင်းစကလေးကို ပိုက်ဆံ(၁၀)သိန်းနဲ့ ဝယ်ယူသွားပြီး ကလေးကိုတရုတ်နိုင်ငံကိုခေါ်သွားတယ်ဆိုတဲ့အမျိုးသမီးဟာ ကလေးကိုပြန်ခေါ်လာခဲ့ပြီးတော့ သက်ဆိုင်ရာရဲစခန်းကနေတစ်ဆင့် မိဘတွေထံ ပြန်အပ်ခဲ့ပါတယ်။ 

photo-အင်းစိန်ရဲစခန်း(ကလေးမိခင်နှင့် ကလေး)

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် ဈေးကုန်းအရှေ့ရပ်ကွက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ မိခင်ထံမှ မွေးကင်းစကလေးကို ပိုက်ဆံ(၁၀)သိန်းနဲ့ ဝယ်ယူသွားခဲ့တယ်ဆိုတဲ့ အမျိုးသမီးဟာ ကလေးကိုပြန်ခေါ်လာခဲ့ပြီးတော့ သြဂုတ်လ(၂၃)ရက်နေ့က ကလေးမိဘတွေကိုဆီကို လာရောက်အပ်နှံခဲ့တယ်လို့ အင်းစိန်ရဲစခန်းကသိရပါတယ်။

“ကလေးကိုခေါ်သွားတဲ့အအမျိုးသမီးက မနေ့က ကျွန်တော်တို့ စခန်းကိုရောက်လာတယ်။ လိုင်းပေါ်မှာ သူက ကလေးကို (၁၀)သိန်းနဲ့ဝယ်ပြီး လူကုန်ကူးသွားတယ်ဆိုတဲ့သတင်းတွေဖတ်ရတယ်ပေါ့။ တကယ်တော့အဲလိုမဟုတ်ဘူး။ အဲ့ဒီအမျိုးသမီးနဲ့ ကလေးမိဘတွေက အရင်ကတည်းက မိသားစုတွေလိုနေတာ့ ဒီကလေးကို သူကတကယ်မွေးစားဖို့ခေါ်သွားတယ်ဆိုပြီးပြောတယ်။ ကလေးမိဘတွေကလည်းနွမ်းပါးတော့ ကူညီတဲ့အနေနဲ့ကလေးကိုမွေးစားတာဆိုပြီး မနေ့က စခန်းကိုရောက်လာပြီးပြောတယ်။ သတင်းတွေဖတ်ပြီးကတည်းက သူက ကလေးကိုခေါ်ပြီးပြန်လာတာ။ ဒါပေမယ့် လမ်းမှာ စစ်ပွဲတွေဖြစ်နေလို့ အချိန်ကြန့်ကြာသွားတယ်လို့ အဲဒီ အမျိူးသမီးက ပြောတယ်။ မနေ့ကပဲ ကလေးမိဘတွေကိုခေါ်ပြီး ကလေးကိုပြန်အပ်လိုက်ပြီ” လို့ အင်းစိန်ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

photo- အင်းစိန်ရဲစခန်း(ကလေးကိုလာရောက်အပ်နှံသူ)

အမှန်တော့ ကလေးကိုခေါ်သွားတဲ့ အမျိုးသမီးက ကလေးကိုတကယ်မွေးစားဖို့ခေါ်သွားတာဖြစ်ပြီး တရားဝင်စာချုပ်စာတမ်းနဲ့မွေးစားတာမဟုတ်ဘဲ ဒီတိုင်းခေါ်သွားတော့ ခုလိုတွေဖြစ်ကုန်တာလို့ စခန်းတာဝန်ရှိသူမှပြောပါတယ်။ မနေ့က ကလေးကိုလာအပ်တော့ ကလေးကကျန်းမာရေးလည်းကောင်းတယ်၊ ကလေးဝေယျာဝိစ္စပစ္စည်းအပြည့်အစုံနဲ့ ကလေးကိုလာအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့အဆိုပါ အမျိုးသမီးကို လူကုန်ကူးတားဆီးကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားတာဆိုတော့ ဥပဒေအရ သြဂုတ်လ(၃၀)ရက်နေ့အထိ ချုပ်ရက်ရမန်တောင်းခံထားပြီး အမှု ပြီးပြတ်အောင်ဆောင်ရွက်သွားမှာဖြစ်တယ်။ အမှုကိစ္စပြီးပြတ်ပြီးပါက ကလေးကို စာချုပ်စာတမ်းနဲ့ မွေးစားသွားမှာဖြစ်တယ်လို့ အင်းစိန်ရဲစခန်းမှသိရပါတယ်။


က္က