လိမ်လည်ရောင်းချတဲ့အဖွဲ့ကို ဖမ်းဆီးမိရေးဆောင်ရွက်နေပါတယ်။
Mi Thawdar Aung

ကျောက်ကို သိန်း ၆၀၀၀ နဲ့ ရောင်းချဖို့ ညှိနှိုင်းခဲ့ပြီးနောက် စရံငွေ သိန်း ၁၅၀ ကို ယူဆောင်ကာ ထွက်ပြေးသွားတဲ့ ကျော်မင်းခိုင် ဆိုသူ အပါအဝင် ခြောက်ဦးကို အရေးယူပေးဖို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ထံကို တိုင်ကြားခဲ့ကြောင်း သိရပါတယ်။

Photo- အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

ဖြစ်စဉ်မှာ နိုဝင်ဘာ (၅) ရက် ညနေ (၅) နာရီအချိန်လောက်မှာ ကမာရွတ်မြို့နယ်နေ ဦးဆမ်ရိုင်း ဆိုသူအပါအဝင် (၅) ဦးဟာ အုတ်တွင်းမြို့နေ ကျော်မင်းခိုင်ရဲ့ ကမ်းလှမ်းချက်အရ သံစားကျောက်ဝယ်ယူဖို့ အမြန်လမ်း ၁၂၂ မိုင် အနိးမှာ တွေ့ဆုံဖို့ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။

ဦးဆမ်ရိုင်းမှာ ကျော်မင်းခိုင်တို့ အဖွဲ့ထံကနေ နမူနာကျောက်ကို ကြည်ပြီး စရံငွေ ကျပ် ငါးသိန်း ပေးဆောင်ကာ နောက်တစ်နေ့ မနက်မှာ အရောင်းအဝယ်လုပ်မယ်လို့ သဘောတူညှိနှိုင်းခဲ့ပြီးနောက် နေပြည်တော်မှာ ညပြန်အိပ်ခဲ့ကြောင်း ရဲစစ်ဆေးချက်အရသိရပါတယ်။

နိုဝင်ဘာ (၆) ရက် မနက် ၇ နာရီခွဲ အချိန်မှာ ချိန်းဆိုထားတဲ့ ရန်ကုန်-နေပြည်တော်လမ်း ၁၁၈ မိုင်နဲ့ ၁၁၉ မိုင်ကြား နေရာကို ရောက်ရှိခဲ့ပြီး ကျောက်ကို သိန်း (၆၀၀၀) နဲ့ ရောင်းချဖို့ ညှိနှိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ညှိနှိုင်းပြီးတဲ့နောက်မှာ စရံငွေ သိန်း (၁၅၀) နဲ့ စာချုပ်ချုပ်ဆိုဖို့ ကျေးရွာလူကြီးတွေ ဆီ အသွားမှာ ကျော်မင်းခိုင်တို့အဖွဲ့ လိုက်ပါလာခြင်းမရှိဘဲ ကျောက်ကို ထားခဲ့ပြီး ငွေ သိန်း (၁၅၀) ထုပ်ကို ယူဆောင်ကာ ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။

ကျောက်ကို ခွဲကြည့်ရာ ဆေးဆိုးထားတဲ့ လမ်းခင်းကျောက်တွေ ဖြစ်နေတာကို တွေ့ရှိခဲ့ပြီး နိုဝင်ဘာ (၁၆) ရက်မှာ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ဖြူးစခန်းကို လာရောက်သတင်းပို့တိုင်ကြားခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် ဒီအမှုနဲ့ ပတ်သက်ပြီး ဥပဒေနဲ့ အညီ ဆောင်ရွက်နေကာ မသင်္ကာတရားခံတွေ ဖော်ထုတ်ဖမ်းဆီးမိရေးဆောင်ရွက်နေတယ်လို့ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။


က္က