ဒီဇင်ဘာ ၂၈ ရက်နေ့အထိ နောက်ဆုံးထားပြီးလက်ခံပေးမယ်လို့ ကျောင်းကထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
Aye Myat Mon

ကျောင်းသား/သူ လိုအပ်ချက်မပြည့်တာကြောင့် လေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်က ကျောင်းသား၊ကျောင်းသူ အယောက် ၆၀ ထပ်ခေါ်ထားတယ်လို့ မော်ကွန်းထိန်းဦးသန့်ဇင်ဝင်း  က Duwun ကိုဒီဇင်ဘာ ၁၉ ရက်နေ့ကပြောပါတယ်။


(ဓါတ်ပုံ- လေကြောင်းနှင့်အာကာသပညာတက္ကသိုလ်)

မြန်မာနိုင်ငံလေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်ကနေ နှစ်စဉ်ခေါ်ယူတဲ့ကျောင်းသား၊ကျောင်းသူအရေအတွက်က ၁၅၀ ဦးဖြစ်ပေမယ့် ဒီနှစ်မှာ လိုအပ်တဲ့ကျောင်းသား၊ကျောင်းသူအရေအတွက်က ၁၅၀ ပြည့်မီခြင်းမရှိတာကြောင့် ဒီလိုထပ်မံခေါ်ယူဖို့အတွက် တက္ကသိုလ်ကထုတ်ပြန်တာဖြစ်ပါတယ်။



“တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးကနေ ၁၅၀ ရွေးပြီးသားပါ။ရွေးပြီးသားကို ကျောင်း၁၁ကျောင်းက လူတွေထပ်ခေါ်တာတွေ၊ဝင်ခွင့်ရွေးချယ်ရေးက ပြောင်းသွားတော့ ကျွန်တော်တို့ကျောင်းကိုအပ်တဲ့သူကမရှိတော့ဘူး။စာရင်းပဲရှိတယ်၊ကျောင်းသားမလာကြဘူးဖြစ်နေတယ်။တခြား ကျောင်း ၁၁ ကျောင်းကိုပါသွားတဲ့သူတွေလည်းရှိတယ်ဆိုတော့ ဒီဘက်မှာလူဦးရေနည်းနေတယ်။အခုက ၁၅၀မှာ ၃၀-၄၀ လောက်ပဲရှိတာကြောင့် ထပ်ခေါ်တာပါ။ ” လို့ မော်ကွန်းထိန်းက ပြောပါတယ်။

၂၀၁၈-၁၉ ပညာသင်နှစ်လိုအပ်ချက်အရ ကျောင်းသားဦးရေတိုးမြှင့်လက်ခံမှာဖြစ်တာကြောင့် မြန်မာနိုင်ငံလေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်ကို ပြောင်းရွှေ့လိုတဲ့ အနိမ့်ဆုံးရမှတ် (၄၄၀) နဲ့အထက်ရရှိတဲ့ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့အထိ နောက်ဆုံးထားပြီးလက်ခံပေးမယ်လို့ ကျောင်းကထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

ဒုတိယနှစ်သင်တန်းပြီးမှ အထူးပြုဘာသာရပ်လိုင်းခွဲတာဖြစ်ပြီးတော့ စက်နှင့် ပျံသန်းယာဉ်အင်ဂျင်နီယာသင်တန်း၊ လေကြောင်းအီလက်ထရွန်းနစ်အင်ဂျင်နီယာသင်တန်း၊ လေကြောင်းလျှပ်စစ်နဲ့ တိုင်းတာရေးအင်ဂျင်နီယာသင်တန်း၊ လောင်စာနဲ့ တွန်းကန်ပစ္စည်း အင်ဂျင်နီယာသင်တန်းနဲ့ အာကာသနည်းစနစ်အင်ဂျင်နီယာသင်တန်း တို့ကိုခွဲခြားတက်ရောက်နိုင်တာဖြစ်တယ်လို့ သိရပါတယ်။

တက္ကသိုလ်တက်ရောက်လိုသူတွေအနေနဲ့ အဲ့ဒီသတ်မှတ်ချက်တွေနဲ့ ကိုက်ညီရမှာဖြစ်ပြီးတော့ ဝင်ခွင့်ရကျောင်းပြောင်းလျှောက်လွှာနဲ့ အတူလူတွေ့စစ်ဆေးမှုခံယူပြီးတော့ ဆေးစစ်တာအောင်မြင်တယ်ဆိုရင် မြန်မာနိုင်ငံလေကြောင်းနဲ့ အာကာသပညာတက္ကသိုလ်ကို တက်ရောက်လို့ရမှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က