ပညာသင်ယူမှုကို စာသင်ခန်းထဲမှာပဲ ကန့်သတ်မထားသင့်ဘူးလို့ ဆိုပါတယ်။

ပညာသင်ယူမှုကို စာသင်ခန်းထဲမှာပဲ ကန့်သတ်မထားဘဲ မိမိပတ်ဝန်းကျင်၊ မိမိဒေသ၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ တစ်သားတည်း ဆက်စပ်ဖြစ်ထွန်းအောင် လေ့ကျင့် ပျိုးထောင်ပေးကြရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

Photo- Myanmar State Counsellor Office

အောက်တိုဘာ ၁၆ ရက်က နေပြည်တော် MICC-2 မှာကျင်းပတဲ့ ၂၀၁၉ ခုနှစ် တက္ကသိုလ်များဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားမှာ တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာပါ။

ကျောင်းသား၊ ကျောင်းသူတွေတွက် သင်ယူမှု ဝန်းကျင်ကောင်းတွေ ဖြစ်လာအောင် စာဖတ်စွမ်းရည် အလေ့အကျင့်တွေ၊ စာပေပြိုင်ပွဲတွေ၊ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေ၊ အားကစားပွဲတွေကိုလည်း အားပေး ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အမျိုးသားရေးစိတ်ဓာတ် နိုးကြားထက်သန်ပြီး ပြည်သူ့ နီတိ၊ ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ လူ့အခွင့်အရေးကို တန်ဖိုးထား လိုက်နာတတ်တဲ့ လူငယ်လူရွယ်တွေကို မွေးထုတ်ပေးနိုင်ဖို့ ဦးတည် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့အဆင့်အတန်းမီတဲ့ ပညာရေးစနစ်ဖြစ်လာစေဖို့ သုတေသနလုပ်ငန်းတွေ၊ ဆန်းသစ် တီထွင်မှုတွေ၊ အသက်မွေးဝမ်းကျောင်းပညာတွေကို အားပေးဆောင်ရွက်ရမယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားခဲ့ပါတယ်။

Photo- Myanmar State Counsellor Office

ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို အကောင်အထည်ဖော်ရာမှာလည်း နည်းပညာနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာတွေကိုအလေးထားရသလို တိုင်းရင်းသားလူမျိုးစုများရဲ့ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံအမွေအနှစ်များ ထိန်းသိမ်းနိုင်ရေးနဲ့ တိုင်းရင်းသား ဘာသာစကားများ ရေရှည်တည်တံ့ရေး ဆောင်ရွက်မှုတွေကိုလည်း ဟန်ချက်ညီညီ ဖြည့်ဆည်းပေးသွားရမယ်လို့ ဆိုပါတယယ်။

နိုင်ငံတော်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာစေဖို့ အတွက် ဒေသတစ်ခုချင်းစီရဲ့ ဖွံ့ဖြိုးတိုးတက်မှုအရ ဒေသအလိုက် ပညာရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒေသတွင်းမှာရှိတဲ့ သယံဇာတအရင်းအမြစ်များနဲ့ ဆက်စပ်ပြီး ထိထိရောက်ရောက် အကျိုးရှိစွာ အသုံးချနိုင်ရေးတို့ကို ရည်ရွယ်လုပ်ဆောင်သွားရမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါသေးတယ်။

“ ကျွန်မ ပညာရေးလောကမှာရော၊ ကျွန်မတို့ရဲ့ နိုင်ငံရေးလောကမှာရော အခုဆိုရင် သိပ်ခေတ်စားနေတဲ့ ခေါင်းဆောင်ဖြစ်မှုဆိုတာကို အလေးမထားဘဲနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို အလေးထားစေချင်ပါတယ်။ စုပေါင်းပြီး ဆောင်ရွက်မှသာ ကျွန်မတို့ အောင်မြင်နိုင်မှာပါ။ ကျွန်မတို့ အခုဒီနှစ်တွေအတွင်းမှာဆိုရင် ကျွန်မတို့ နိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းလုံးမှာ ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့ သင်ကြားရေး နှီးနှောဖလှယ်ပွဲတွေ ခဏခဏလုပ်တာကို သတိပြုမိပါတယ်။ အားလုံးက ခေါင်းဆောင်ချည်းပဲ လုပ်ချင်ကြတယ်။ လူငယ်ခေါင်းဆောင်၊ အမျိုးသမီးခေါင်းဆောင်၊ တိုင်းရင်းသားခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင်၊ စီးပွားရေးခေါင်းဆောင်၊ အားလုံးက ခေါင်းဆောင်လုပ်ရင် ဘယ်သူက နောက်ကလိုက်မှာလဲ။ အရေးကြီးတာက စုပေါင်းပြီး အစုအဖွဲ့အနေနဲ့ လုပ်ဆောင်ဖို့ပဲ။ “ လို့ ဒေါ်အောင်ဆန်းစုကြည်က နိဂုံးချုပ်အမှာစကားပြောကြားရမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဆိုပါ နှီးနှောဖလှယ်ပွဲမှာ အဆင့်မြင့်ပညာကဏ္ဍရဲ့ နယ်ပယ်ပေါင်းစုံနဲ့ သက်ဆိုင်တဲ့ စာတမ်းပေါင်း (၁၆)စောင် တင်သွင်းဖတ်ကြားပြီး၂ဝ၁၉-၂ဝ၂ဝ ခုနှစ်အတွင်း ဦးစားပေး အကောင်အထည် ဖော်ရမယ့် လုပ်ငန်းစဉ်တွေ ပူးပေါင်းဆွေးနွေးခဲ့ကြပါတယ်။



က္က