ကျောင်းသားတွေ ကိုယ်ရေးအချက်အလက်ကို စာရင်းသွင်းနေပါပြီ။
Mi Thawdar Aung

ကျောင်းသားတွေ ဘေးအန္တရာယ်လုံခြုံရေးအတွက်  ကျောင်းကားအတက်အဆင်းကို မိဘတွေက မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကတစ်ဆင့် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

ကျောင်းကားစီးကြတဲ့ ကျောင်းသားကျောင်းသူတွေ လုံခြုံမှုရှိဖို့ YRTA က ဆောင်ရွက်နေပြီး သြဂုတ်လကုန်မှာ စမတ်ကတ်တွေ ထုတ်ပေးသွားတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ကနေ သိရပါတယ်။သြဂုတ်လ ၂၁ ရက်က ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့က ပြုလုပ်တဲ့ နှစ်ပတ်တစ်ကြိမ် မီဒီယာသတင်းစာရှင်းလင်းပွဲမှာ YRTA အဖွဲ့ဝင် မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်က ပြောပါတယ်။

“ကနဦးက ကျောင်း ၁၂ ကျောင်းနဲ့ ကျောင်းကား ၁၀၇ စီးမှာ လုပ်မယ်။ ဒီလကုန်မှာ စတင် အသုံးပြုနိုင်တော့မှာပါ။ ကျောင်းကားပေါ်တက်တာနဲ့ စမတ်ကတ်တွေနဲ့ တက်တယ်ဆင်းတယ်ဆိုတာကိုစာရင်းသွင်းရပါမယ်။ “ လို့ ဦးအောင်ညီညီမော်က ဆက်လက်ပြောပါတယ်။

လက်ရှိတော့ စမတ်ကတ်ထုတ်ပေးနိုင်ဖို့ ကျောင်းသားတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို စာရင်းသွင်းနေပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ခရီးသည်တွေ တိုင်ကြားမှုကို အလွယ်တကူစိစစ်နိုင်ဖို့၊ ယာဉ်မောင်းတွေရဲ့ အချက်အလက်တွေကို သိရှိဖို့  YBS ယာဉ်မောင်းတွေကို ဇူလိုင်လအတွင်းကစတင်ပြီး စမတ်ကတ်တွေ ထုတ်ပေးနေရာ အခုဆို (၃၂၄၄) ဦးကို စမတ်ကတ်ထုတ်ပေးနိုင်ခဲ့ပြီလို့ ဦးအောင်ညီညီမော်က ပြောပါတယ်။

“  စမတ်ကတ်ထုတ်ပေးပြီးတာနဲ့ တယ်လီမတ်တစ်စနစ်နဲ့ ဘယ်ယာဉ်မောင်းက ဘယ်ကားကို  ဘယ်အချိန်မှာ မောင်းနှင်နေတယ်ဆိုတာကို  သိရအောင်စီစဉ်ဆောင်ရွက်နေတာပါ။ YBS ကုမ္ပဏီတွေအကုန်လုံးကို တယ်လီမတ်တစ် နည်းပညာကို အသုံးပြုလို့ရအောင် သင်တန်းတွေ ပေးပါမယ်။ ယာဉ်လိုင်းကုမ္ပဏီတွေက သူ့အောက်မှာရှိတဲ့ ယာဉ်လိုင်းတွေကို နည်းပညာနဲ့ ထိန်းချုပ်လို့ရအောင်ပါ” လို့ ဦးအောင်ညီညီမော်က ဆိုပါတယ်။

ရန်ကုန်မြို့မှာ YBS ယာဉ်လိုင်းပေါင်း ၁၀၀ ကျော်ရှိပြီး ယာဉ်အစီးရေ ၄၅၀၀ ကျော်နဲ့ ပြေးဆွဲနေတယ်လို့ သိရပါတယ်။


က္က