ပြိုင်ပွဲကိုအောက်တိုဘာလ(၁၂)ရက်နေ့မှာကျင်းပမှာပါ။

ကျောက်ဆည်ဆင်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်တွေအနေနဲ့ ဆုကြေးကိုမက်ပြီးယှဉ်ပြိုင်နေတာမျိုးမဟုတ်ဘဲ ဆုကြေးက (၈)သိန်းကနေ(၁၀)သိန်းဝန်းကျင်သာရရှိပြီး ပြိုင်ပွဲဝင်ဆင်တစ်ကောင်ရဲ့ပြင်ဆင်မှုကုန်ကျစရိတ်က အနည်းဆုံးသိန်း(၃၀)ကနေ သိန်း(၁၀၀)အထက်မှာရှိတယ်လို့သိရပါတယ်။

နှစ်တိုင်းနှစ်တိုင်းရိုးရာမပျက်ကျင်းပလာတဲ့ ကျောက်ဆည်မြို့က ရွှေသာလျောင်းဆင်လှူပွဲတော်ရဲ့ ဆင်အကပြိုင်ပွဲဟာ ဒီနှစ်ဆို (၄၅)ကြိမ်မြောက်ကျင်းပပြုလုပ်မှာပါ။ ဆင်ပြိုင်ပွဲမှာဆိုရင်တော့ အဓိက စိန်ခေါ်မှုတစ်ရပ်ဟာဆိုရင် ပြိုင်ပွဲဝင်ဆင်တစ်ကောင်ရဲ့ပြင်ဆင်မှု ကုန်ကျစရိတ်နဲ့ ရရှိတဲ့ ဆုကြေးငွေနဲ့ကမကာမိပဲ အကျိုးအမြတ်အရတွက်မယ်ဆိုရင်အရှုံးနဲ့ ယှဉ်ပြိုင်နေကြရတယ်လို့သိရပါတယ်။

“ ကုန်ကျစရိတ်က ဆင်ရိုးရာအငယ်တန်းပြိုင်ပွဲမှာဆိုရင် သိန်း(၃၀)ကနေ သိန်း(၇၀)ထိ ကုန်ကျစရိတ်ရှိတယ်။ ရလာတဲ့ ဆုကြေးငွေက ပထမဆုကိုမှ(၈)သိန်းပဲရတာ။အဲတော့ ပြိုင်ပွဲမှာ မပြိုင်ခင်ကတည်းက အကျိုးအမြတ်အရတွက်မယ်ဆိုရင် ရှုံးနေပြီ။ အခုလိုပဲ ရိုးရာအကြီးတန်းမှာဆိုရင် ပထမဆုရတာ(၁၂)သိန်း၊ ဒါပေမယ့် ပြိုင်ပွဲရဲ့ကုန်ကျစရိတ်က သိန်း(၇၀)နဲ့သိန်း(၁၀၀)အထက်မှာရှိတယ်။ ဆုကြေးနဲ့ကုန်ကျပြန်တွက်မယ်ဆိုရင် အရမ်းကွာခြားနေတယ်။ ဘာဖြစ်လို့ဝင်ပြိုင်လဲဆိုတော့ ပြိုင်တဲ့သူတွေကကျောက်ဆည်သားစစ်လို့၊ အနော်ရထာမင်းချမတ်ခဲ့တဲ့ အနော်ရထာမင်းရဲ့ကျေးဇူးကို ပြန်လည်ဆပ်ခြင်းအားဖြင့် ပြိုင်ကြတာဖြစ်တယ်” လို့ ရွှေစင်မောင်မောင်ဆင်အဖွဲ့ခေါင်းဆောင် ဦးစိုးရွှေက Duwun ကိုပြောပါတယ်။

ကျောက်ဆည်မြို့ရဲ့ (၄၅)ကြိမ်မြောက်ဆင်အကအလှပြိုင်ပွဲကို အောက်တိုဘာလ(၁၂)ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်တွေအနေနဲ့ကလည်း ယခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေကိုဆောင်ရွက်နေပြီဖြစ်ပါတယ်။

ပြိုင်ပွဲဝင်အသင်းတွေဟာ ပြိုင်ပွဲကနေရရှိလာတဲ့ ဆုကြေးငွေထက်ပဲ ယဉ်ကျေးမှုဓလေ့ကိုထိန်းသိမ်းတဲ့အနေနဲ့ နှစ်စဉ်ဝင်ရောက်ဆင်နွှဲခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။



က္က