တစ်ပတ်အတွင်း ပြည်တော်ပြန်တွေကထဲက (၁၉)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။

မေလ(၁၆)ရက်နေ့ကနေ (၂၃)ရက်နေ့မနက်ပိုင်းအထိ ပိုးတွေ့လူနာ (၂၀)ဦးမှာ (၁၉)ဦးကပြည်ပကပြန်လာတဲ့သူတွေဖြစ်ပါတယ်။

 ပြည်ပကပြန်လာတဲ့သူတွေကို မြန်မာနိုင်ငံကို ပြန်လည်အဝင်ခံတဲ့အခါမှာ ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးမှုတွေကို တစ်ဖက်နိုင်ငံမှာကတည်းကမလုပ်ဆောင်ဘဲ မြန်မာနိုင်ငံရောက်မှသာလုပ်ဆောင်လျှက်ရှိပါတယ်။ 

အခုလို လုပ်ဆောင်ရခြင်းက တစ်ဖက်နိုင်ငံမှာ ရောဂါပိုးစစ်လို့ ပိုးတွေ့ခဲ့ရင် အဲဒီနိုင်ငံမှာပဲထားပြီး လူနာရဲ့ ကျန်းမာရေးစရိတ်တွေလည်းထည့်တွက်ရတာကြောင့် ကိုယ်နိုင်ငံပြန်ရောက်မှပဲ ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်ဆောင်နေတာပါလို့ ကျန်းမာရေးအိပညာမြှင့်တင်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။ 



“ဘယ်နိုင်ငံကနေပြန်ဝင်လာလာ တစ်ဖက်နိုင်ငံမှာက အပူချိန်တိုင်းတာလောက်ပဲ လုပ်ဆောင်ပြီး ကိုယ့်နိုင်ငံတွင်းရောက်မှ ဓာတ်ခွဲစစ်ဆေးမှုတွေလုပ်တာပါ။ အခုပြည်တော်ပြန်တွေထဲက ပိုးတွေ့လူနာတွေရှိလာပေမယ့် ကိုယ့်နိုင်ငံအတွင်းမှာဆိုတော့ သူတို့ကို ကုသမှုပေးနေရတဲ့အပိုင်းတွေမှာလည်း အခက်အခဲမရှိဘူးပေါ့နော်။ တစ်ဖက်နိုင်ငံမှာစစ်လို့ ရောဂါပိုးတွေ့ခဲ့ရင် ဒီဘက်ကို ပြန်လာလို့မရဘဲ အဲ့ဘက်မှာပဲ ဆေးကုသမှုခံယူနေရရင် သူများနိုင်ငံဖြစ်တဲ့အတွက် လူနာရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေကိုပါ အားလုံးထည့်တွက်ရမှာတွေရှိတယ်” လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

မေလဆန်းပိုင်းကစလို့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို မည်သူမဆို ပြန်လည်လက်ခံလျှက်ရှိပြီး ပြည်တော်ပြန်တွေထဲက ပိုးတွေ့လူနာတွေများလာတဲ့အတွက်ကြောင့် ပြည်တော်ပြန်တွေပြန်လည်ဝင်ရောက်မှုကို ပြန်လည်စိစစ်ဖို့ရှိတယ်လို့သိရပါတယ်။

ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်နေတဲ့ နိုင်ငံတွေကပြန်လာမယ့်သူတွေကို ပုံမှန်ထက် ထက်ဝက်လောက်သာလက်ခံဖို့ တာဝန်ရှိသူတွေညှိနှိုင်းမှုတွေလုပ်နေပြီး လာသမျှလူအားလုံးသာ လက်ခံနေမယ်ဆိုရင် ပိုးတွေ့လူနာတွေထပ်များလာနိုင်တယ်လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ COVID 19 ရောဂါကူးစက်ခံရသူတွေရဲ့ ထက်ဝက်ကျော်တွေက ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ ပြည်တွင်းရောဂါကူးစက်မှုကိုတော့ ထိန်းချုပ်နိုင်မယ့်အခြေအနေမှာရှိနေပြီး ပြည်ပကပြန်လည်ဝင်ရေးက်လာမငတွေကို သေချာစိစစ်သွားမယ်လို့ဆိုပါတယ်။

မေလ(၂၃)ရက်နေ့ မနက်ပိုင်းထုတ်ပြန်ချက်အထိ မြန်မာနိုင်ငံမှာ COVID 19 အတည်ပြုလူနာ (၂၀၁)ဦးရှိပြီး ပြန်လည်ကောင်းမွန်သူ (၁၁၆)ဦးရှိကာ သေဆုံးသူ (၆)ဦးရှိပါတယ်။




















ဆက်စပ်အကြောင်းအရာများ



က္က